နိုင်ဂျီးရီးယားသမ္မတ ဂွတ်လခ် ဂျိုနသန်က ပြန်ပေးဆွဲခံ ထားရတဲ့ အထက်တန်းကျောင်းသူ ၂၀၀ ကျော်ကို ရအောင်ပြန်ကယ်တင်မယ်လို့ မေ ၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ မေ ၈ ရက်နေ့က စတင်ကျင်း ပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောကြားရင်း အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အာဖရိကတိုက်ရဲ့ အင်အားအကြီးဆုံး စီးပွားရေးနိုင်ငံ နိုင်ဂျီးရီးယားနိုင်ငံမှာ ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပပြီး နိုင်ငံ့ရင်းနှီးမြှပ်နှံမှုအခွင့်အရေးတွေနဲ့ ဆွဲဆောင်ရမယ့်အချိန်မှာ ကျောင်းသူ ၂၀၀ ကျော် ပြန်ပေးဆွဲခံရမှုက နိုင်ဂျီးရီးယားသမ္မတကို အရိပ်မည်းထိုးခဲ့ပါတယ်။
ကျောင်းသူတွေ ပြန်လည်ရှာဖွေဖို့အတွက် ကူညီကြတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံ အပါအ၀င် နိုင်ငံတကာကို ကျေးဇူးတင်ကြောင်း ပြောဆိုပြီး နိုင်ဂျီးရီးယားနိုင်ငံက အကြမ်းဖက်မှုတွေကို အပြီးပြတ်တိုင် ချေမှုန်းမယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။
နိုင်ဂျီရီးယားသမ္မတက အခုလို ပြောဆိုပေမယ့် ဒီ ၁ ပတ်အတွင်း နိုင်ငံပိုင် သတင်းဌာနတခုနဲ့ တွေ့ဆုံခန်း မှာတော့ ပြန်ပေးဆွဲခံရတဲ့ကျောင်းသူတွေ ဘယ်ရောက်နေ တယ်ဆိုတာကို သူမသိရှိသေးဘူးလို့ ပြောဆို ခဲ့ပါတယ်။
နိုင်ဂျီးရီးယားလုံခြုံရေးတပ်ဖွဲ့တွေ နိုင်ဂျီးရီးယားကျောင်းသူတွေကို အကာအကွယ်ပေးဖိ နေနေသာသာ ၃ ပတ်ကြာပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ပြည်တွင်းနဲ့ ပြည်ပမှာပါ အစိုးရအပေါ် အပြင်းအထန် ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။
ပြန်ပေးဆွဲသွားတဲ့ အကြမ်းဖက် ဘိုကိုဟာရမ်အဖွဲ့ဟာ မွတ်စလင်အများစု နေထိုင်တဲ့ နိုင်ဂျီးရီးယား နိုင်ငံမြောက်ပိုင်းက ကမ္ဘာ့အဆင်းရဲဆုံးဒေသတခုမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ရေနံနဲ့ ချမ်းသာကြွယ်ဝပြီး ခရစ်ယာန်အများစု နေထိုင်တဲ့ နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်းနဲ့စာရင် ဖွံ့ဖြိုးမှု အရမ်းနောက်ကျတာကြောင့် နိုင်ဂျီးရီးယားအစိုးရအနေနဲ့ အာရုံစိုက် လုပ်ဆောင်ဖို့ စည်းရုံးတိုက်တွန်းနေ ကြတာလည်း ဖြစ်ပါတယ်။
ဒီဗွီဘီ

မှတ်ချက်များ