ပန်းချီကားတွေကို ပြပွဲတင်မယ် ဆိုရင် ဌာနဆိုင် ရာရဲ့ စစ်ဆေးမှုကို ခံယူရပါတယ်။ အနုပညာ အကြောင်း ပန်းချီအကြောင်း နားလည် မလည် မသေချာတဲ့ အရာရှိတွေက စစ်ဆေးအပြီး အဲဒီပန်းချီကား ဖြုတ် ဆိုတာမျိုးတွေကို ဗိုလ်ချုပ် ကြီးအေးချမ်းသာယာရေးတို့လက်ထက်မှာ ဖြစ်ခဲ့ ပါတယ်။
အဲသလို… ပန်းချီပြပွဲလောကရဲ့ အမှောင်ခေတ်က ၁ဝ နှစ်၊ အနှစ် ၂ဝ မက ကြာခဲ့တာပါ။
အခုတော့ နာမည်ကျော်ဗိုလ်ချုပ်ကြီးတယောက် ပန်းချီပြခန်း ဖွင့်ထားပါတယ်။သူကတော့ ဦးခင်ညွန့် ပါပဲ။ မဇ္ဈိမသတင်းစာမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဦးခင်ညွန့်ရဲ့ ပန်းချီပြခန်း အကြောင်း အင်တာဗျူး ဖော်ပြ ထားပါတယ်။
သူ့ပြခန်းမှာ တင်မယ့် ကားတွေကို ဆင်ဆာမဖြတ်ပါဘူးလို့ ယခင် စစ်ထောက်လှမ်းရေးခေါင်းဆောင် ဦးခင်ညွန့်က ပြောပါတယ်။
“ဘာကား မပြရဘူးလို့လည်း ကန့်သတ်ချက် မရှိဘူး”
ပန်းချီဆရာရဲ့ အမြင်၊ အတွေးအခေါ်၊ အယူအဆတွေကို ၀င်ရောက် စွက်ဖက်ခြင်း မရှိဘူးလို့လည်း သူက ပြောပြပါတယ်။
အနုပညာလက်ရာတွေကို နှစ်ပေါင်းများစွာ မှန်ဘီလူးကြီးကြီးနဲ့ကြည့်ခဲ့တဲ့သူတွေဟာ အခုတော့ အပြောင်းအလဲ လုပ်နေတဲ့အားလျော်စွာ ပန်းချီပြခန်းတွေကို မလိုအပ်ဘဲ အနိုင်ကျင့်၊ စည်းကမ်းတင်း ကျပ်တာတွေကိုလည်း တဖြည်းဖြည်း လျှော့ချလိုက်ပါပြီ။
ပန်းချီကားတွေဟာ ဗိုလ်ချုပ်ကြီးတွေကို ဘာအန္တရာယ်မှ မပေးနိုင်မှန်း အခုလောက်ဆို သဘောပေါက်လောက်ပြီလို့ ယူဆရပါမယ်။
ဦးခင်ညွန့်က သူ့ပြခန်းကို နဝဒေး လို့ အမည်ပေးထားပါတယ်။
ပန်းချီပြခန်းက မရမ်းကုန်းမြို့နယ်၊ န၀ဒေးလမ်း၊ ခြံအမှတ် ၂၇ မှာ တည်ရှိပါတယ်။
ပြခန်း ဖုန်းနံပါတ်က ၀၉ ၄၃၁၉ ၉၈၉၈ ပါ။
အပေါ်မှာတွေ့ရတဲ့ပုံကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လက ရိုက်ကူးထားတာပါ။
ဧရာဝတီ

မှတ်ချက်များ