မိုဘိုင်းလ် ဝန်ဆောင်မှုအတွက် ရတနာပုံ အများပိုင်ကုမ္ပဏီ ကြိုတင် စစ်တမ်း ကောက်ခံ


ပြည်တွင်းမှ မိုဘိုင်းလ်ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီတစ်ခု ဖြစ်သည့် ရတနာပုံ အများပိုင်ကုမ္ပဏီ က Yangon ICT Fair မိုဘိုင်းလ်နှင့် နည်းပညာပြပွဲ ရက်များတွင် ပြပွဲ တက်ရောက်လာသူများထံမှ မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အချက်အလက် အချို့ကို စစ်တမ်း ကောက်ယူ မှုများ ပြုလုပ်နေကြောင်း အဆိုပါပွဲသို့ သွားရောက် လေ့လာခဲ့သူများထံမှ သိရှိရသည်။

မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ မစတင်မီ သုံးစွဲသူများထံမှ လိုအပ်ချက်များကို သိရှိနိုင်ရန် အချက်အလက်များ ကောက်ယူနေခြင်း ဖြစ်ပြီး ယခု ရရှိလာသည့် အချက်အလက်များသည် မိုဘိုင်းလ် ဝန်ဆောင်မှုများ မည်သို့မည်ပုံ ပေးအပ်ရမည်ကို ဆုံးဖြတ်ရာတွင် အထောက်အကူ ပြုနိုင်ကြောင်း ရတနာပုံ အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သူတို့ဆီမှာ ADSL အင်တာနက်လိုင်းကိစ္စ ဝင်စုံစမ်းရင်း စာရွက်နှစ်ရွက် ထုတ်ပေးပြီး ဖြေပေးပါလား လို့ ပြောတယ်။ အပန်းမကြီးတဲ့ မေးခွန်းတွေမို့လို့ ဖြေပေးလိုက်ပါတယ်” ဟု ရတနာပုံမှ ကောက်ယူနေသည့် Survey တွင် ဖြေဆိုခဲ့သူ မရမ်းကုန်းမြို့နယ်မှ ဦးအောင်ကိုဦးက ဆိုသည်။

လက်ရှိ မက်ဆေ့ခ်ျ၊ ဖုန်းခေါ်ဆိုခနှင့် SIM Card ဈေးနှုန်းများအေပ်ါအမြင်၊ YTP Telecom ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများအပေါ် အမြင်နှင့် သုံးစွဲသူများ၏ လိုအပ်ချက်များကို အဓိကထား မေးမြန်း မှုများ ပါရှိကြောင်း အဆိုပါ မေးခွန်းများကို ဖြေကြားခဲ့သူများက ပြောကြားကြသည်။

“အော်ရီဒူးနဲ့ တယ်လီနောကလည်း မကြာခင် စရောင်းတော့မှာ။ ရတနာပုံကလည်း Survey ကောက်နေ တယ် ဆိုတော့ ဒီအတိုင်း ဆိုရင်တော့ ဝန်ဆောင်မှုတွေ စဖို့ သိပ်မကြာတော့ဘူး ဆိုတဲ့ သဘောနဲ့ တူတယ်” ဟု အဆိုပါပွဲကို လာရောက်လေ့လာသူ ကွန်ပျူတာပညာရှင် ဦးဖြိုးဝေမြင့်က ဆိုသည်။

ရတနာပုံ အများပိုင်ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်အတူ မိုဘိုင်းလ်ဆက် သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပိုင်းတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီအချို့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်။

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် များ အသင်းတို့မှ ပူးပေါင်း စီစဉ်ကျင်းပသည့် Yangon ICT Fair မိုဘိုင်းလ်နှင့် IT နည်းပညာပြပွဲကို မေလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ပြခန်းပေါင်း ၁၂၀ ကျော်ဖြင့် ခင်းကျင်း ပြသနေသည်။

The Voice

မှတ်ချက်များ