မိုးဟေကိုရဲ့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ အခက်အခဲ၊ ကြိုးစားအားထုတ်မှုတွေ အားလုံးပါဝင်နေမယ့် ကျွန်မချစ်သောအယ်လ်ဘမ် စာအုပ်မိတ်ဆက်ပွဲ


သရုပ်ဆောင် မိုးဟေကို ဧ။် ကျွန်မချစ်သော အယ်လ်ဘမ် အမှတ်တရ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား ကို ၁၂.၅.၂၀၁၄ရက်နေ့မနက် ၁နာရီက Park Royal hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ သရုပ်ဆောင် မိုးဟေကိုက သူမရဲ့ ကျွန်မချစ်သော ဓာတ်ပုံစာအုပ်နဲ့ပတ်သတ်ပြီး သူမရဲ့စိတ်ခံစားချက်ကို ခုလို ဖွင့်ဟသွားပါတယ်။

‘မိုး ဒီစာအုပ်လေးကို လုပ်ချင်တဲ့ ရည်ရွယ်ချက်က မိုးငွေရေးကြေးရေးထက် ပရိသတ်ဆီကို အမှတ်တရပေး ချင်လို့ လုပ်ခဲ့တာပါ။ ဒီစာအုပ်လေးကို မိုး ၂၀၁၃ခုနှစ် ၈လပိုင်း ကတည်း က စတင်အကောင်အထည်ဖော် ပြီး ခုချိန်ထိမထွက်နိုင်သေးတာပါ။ မိုး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင် ၊ ရှမ်း အကုန်ပါပါ တယ်။ မိုး နယ်ဖက်တွေထိ ဆင်းပြီး ရိုက်ထားတယ်။ နယ်မြေအစုံဆိုတာထက်ကို လူတွေ မသိရှိသေးတဲ့ နယ်မှာရှိတဲ့ အလှအပတွေ၊ ပြီးတော့ အစ်မကားရိုက်တွေဖြတ်ပြီးတော့ဒီဟာအတွက်ကိုအရမ်း အချိန်ယူ ပြီး တော်တော်လေးကို အားထည့်လုပ်ကိုင်ထားပါတယ်။ ကားရိုက်တွေဖြတ်ပြီး တစ်လကို နယ်တစ်နယ်စီ ကို ပတ်ပြီး ကျွန်မချစ်သောစာအုပ်လေးတွက် အချိန်ပေးခဲ့တာပါ။ အလှဓာတ်ပုံ ဆိုတာထက် မိုးက တစ် တိုင်းပြည်လုံး လှည့်ပတ်ပြီး ရိုက်ထားတာကို ပရိသတ်ဆီ အမှတ်တရအနေနဲ့ မိုးပေးချင်တာပါ။ မိုးမှာကလဲ ကားရိုက်ကတစ်ဖက်နဲ့ဆိုတော့ ကြားထဲမှာ နဲနဲလေး ကြန့်ကြာနေတာပါ။

အ ခုလဲ မိုးတို့ ရိုက်ထားတာ ပြီးနေပါပြီ။ နည်းနည်းပဲ ကျန်ပါတော့တယ်။ ရက်အတိအကျပြောလို့ မရသေးပေမဲ့ အမြန်ဆုံးထွက်နိုင်အောင်တော့ မိုးတို့ ကြိုးစားနေပါတယ်။ ဒီစာအုပ်လေးဟာ ရိုးရိုး အမှတ်တရ စာအုပ် မဟုတ်ပါဘူး။ မိုးဟေကိုရဲ့ဘ၀ အမှတ်တရ စာအုပ် လေးပါလို့ မိုးပြောချင်ပါတယ်။ မိုးအရမ်းပဲ ကြိုးစားထားခဲ့ရပါတယ်။ အချိန်တွေလဲ ပေးဆပ်ခဲ့ရပါတယ်။ မိုးအနေနဲ့ ကျွန်မချစ်သောဆိုတဲ့ နာမည်လေးကို ပေးဖြစ်ခဲ့တာက နာမည်လေးကတော့ ရိုးစင်းကောင်း ရိုးစင်းပါလိမ့်မယ်။

ဒါပေမဲ့ မိုးရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်လေးကို ပေးထားတာပါ။ ဒီအယ်လ်ဘမ်လေးက ကျွန်မဖြတ် သန်းခဲ့တဲ့ ဘ၀ခရီးလမ်းတစ်လျှောက်မှာ အမှတ်တရ တစ်ခုဖြစ်ဖို့အတွက် အခက်အခဲတွေ ကြိုးစားအား ထုတ်မှုတွေ၊ အချိန်ပေးဆပ်မှုတွေ၊ ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေနဲ့ တည်ဆောက် ပြီး ပေးဆပ်ခဲ့ရတဲ့ စာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်လို့ပြောချင်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်မချစ်သောနိုင်ငံ မှာ တိုင်းရင်းသူတိုင်းရင်းသား၊ ညီအစ်ကိုမောင်နှမတွေရဲ့ ရိုးရာဓလေ့ထုံးစံတွေ၊ ဒေသအလှအပတွေကို စူးစမ်းလေ့လာ ချင်တဲ့အတွက်သွားရောက်ပြီး ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ အားလုံးအားလုံးသော
ကျွန်မချစ်သော ကျွန်မကိုချစ်သော အနယ်နယ် အရပ်ရပ်မှာရှိကြတဲ့ ပရိသတ်တွက် အမှတ်တရကို ရည်ရွယ်ပြီး ကျွန်မချစ်သောဆိုတဲ့ခေါင်းစဉ်လေးကို ပေးဖြစ်ခဲ့တာပါ။ ဒီစာအုပ် လေးထဲမှာ မင်းသမီး မိုးဟေကိုဆိုတာထက် မြန်မာပြည်မှာ မွေးဖွားလာတဲ့ လူတစ်ယောက်အနေနဲ့ပဲမြင်ပေးပါလို့ပြောချင်ပါ တယ်’ လို့ သူမက ပြောပြသွားပါတယ်။

ခုလက်ရှိမှာတော့ မိုးဟေကိုဟာ ဒါရိုက်တာနေပိုင်၊ မင်းသားအောင်ရဲလင်း တို့နဲ့ ‘တကယ်ချစ်လို့ရူးခဲ့သည်’ ဆိုတဲ့ ဗီဒီယိုဇာတ်ကား ရိုက်ကူးနေတယ်လို့ သိရပါတယ်။


ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ