စေတန်ရဲ့ ကချေသည်

"...တကယ့် လက်တွေ့ဖြစ်ရပ်တွေက ဝတ္ထုဇာတ်လမ်းတွေထက် ဆန်းကြယ် တာတွေလည်း ရှိနေတာပဲလေ..."
မြတ်သူအောင် ရေးသားသည်။

လောကကြီးထဲမှာ မရှိမဖြစ်၊ ဒါပေမယ့် လိုအပ်မှု၊ ရှိမှုတွေ အလွန်အကျွံဖြစ်လာရင်၊အသုံးမတတ်ရင် လည်း ပြဿနာရှိနိုင်တဲ့ ငွေကြေး၊ အမုန်းနဲ့ အချစ်တွေကို ရောယှက်ဖန်တီးထားတဲ့ ဇာတ်ကားတကားနဲ့ ဒီတပတ် ဧရာဝတီ ပရိသတ်ကို မိတ်ဆက်ပေးချင်ပါတယ်။

အဲဒီ ဇာတ်ကားကတော့ ဒါရိုက်တာဝိုင်း ရိုက်ကူးပြီး နေတိုး၊ ရန်အောင်၊ ဇင်ဝိုင်း၊ သက်မွန်မြင့်နဲ့ ဇာတ်ပို့ သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ “စေတန် ရဲ့ကချေသည်” လို့ အမည်ရတဲ့ ဒရာမာ၊ အချစ်ဇာတ် ကားကြီး ပါ။ ဒီဇာတ်ကားကို မြန်မာပြည် အနှံ့ ရုံတင်ပြသနေပါပြီ။

ဒီကား အထူးပွဲ ပြသတဲ့နေ့မှာ ဒါရိုက်တာဝိုင်း၊ ဝတ္ထု စာရေးဆရာမ ပုညခင်၊ အကယ်ဒမီနေတိုး၊ ကလေး သရုပ်ဆောင်တွေ ဖြစ်တဲ့ ဟဲဗီးဖြိုးနဲ့ အကယ်ဒမီ ယွန်းယွန်းတို့ တက်ရောက်လာတာ တွေ့ရပါတယ်။ အကယ်ဒမီမင်းသမီး သက်မွန်မြင့် ကတော့ပွဲကို တက်ရောက်မလာပါဘူး။

ဒီဇာတ်ကားက ပရိသတ် အကြိုက်တွေ့မယ့် ဇာတ်ကားတကား ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘဝင် မကျမိတာလေး အနည်းအကျဉ်းတော့ ရှိပါတယ်။ ဒီဇာတ်ကားရဲ့ ရိုက်ကွင်းနေရာတွေကို ဒါရိုက်တာ ဝိုင်းက ဇာတ်ကားမရိုက်ခင် သူကိုယ်တိုင် အချိန် ပေးပြီး ရှာဖွေထားတဲ့အပြင် ဒီဇာတ်ကားကို သူ ကိုယ်တိုင် ဇာတ်ညွှန်းရေးထားကြောင်း ဒါရိုက်တာ ဝိုင်းက ဧရာဝတီကို ဟြေပါတယ်။

ဒီဇာတ်ကားကိုကြည့်ရှုပြီး မေတ္တာ တ ရားဆိုတာ လောကမှာ တကယ် ကို လိုအပ်တဲ့အရာဖြစ်ကြောင်း ပရိသတ်တွေ ပိုမို နားလည်နိုင်မယ်လို့ ယူဆပါတယ်။ မေတ္တာတရား ဆိုတဲ့ အရာက ငွေကြေးနဲ့ ဝယ်ယူ လို့မရနိုင်သလို တကယ်ကို မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်ဆိုတာ ကို ဟြေစရာမလိုအောင် လူတိုင်း သိပါတယ်။

ဒီဇာတ်ကား ဖန်တီးမှုက ဇာတ်အိမ်သိပ် မကြီး မား ပေမယ့်လည်း ဇာတ်ရဲ့တင်ဆက်ပုံ၊ ဒါရိုက်တာ ဝိုင်းရဲ့ ဖန်တီး တင်ဆက်ပုံ ကောင်းမွန်မှုကြောင့် ပရိသတ် အကြိုက်တွေ့မယ့် ဇာတ်ကားဖြစ်လိမ့်မယ် လို့ထပ်ညွှန်း ပါရစေ။ ကလေး သရုပ်ဆောင်တွေဖြစ် တဲ့ ဟဲဗီးဖြိုးနဲ့ အကယ်ဒမီ ယွန်းယွန်းတို့ရဲ့ သရုပ် ဆောင်မှုတွေက လည်း လိုအပ်ချက် မရှိအောင်ကို ကောင်းလှပါတယ်။ သူတို့ သရုပ်ဆောင်မှုတွေကို ကြည့်ပြီး အနုပညာအ ရည်အချင်းရှိလိုက်တဲ့မျိုးဆက် သစ်လေးတွေပဲလို့ ချီးကျူးမိပါတယ်။

ဒီဇာတ်ကားအကြောင်းဟြေရရင် လူတယောက် ရဲ့ ဘဝတခု ဖြတ်သန်းမှု ပုံစံကို ရသတွေထည့်ပြီး တင်ဆက်ထားတာလို့ ဆိုချင်ပါတယ်။

ဇာတ်လမ်းကို ပရိသတ်တွေအတွက် အမြည်း သဘော တင်ပြ ဖောက်သည်ချရရင်တော့ ကြွေရုပ် ဆိုတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေး တယောက်က စရမှာပါ။နာမည်အတိုင်း ကြွေရုပ် ကလေး လို လှပေမယ့် ဘဝကတော့ ဆင်းရဲ ချို့တဲ့ လှပါတယ်။

အမေဖြစ်သူ ဒေါ်သန်းသန်းက စက်ရုံ မှာ အလုပ်ကြမ်းလုပ်ရတဲ့ ဝန်ထမ်းတဦးဖြစ်ပြီးတနေ့ စားဖို့ အနိုင်နိုင် မနည်း ရှာဖွေနေရသူ တယောက်ဖြစ် ပါတယ်။

တနေ့ ကြွေရုပ်ရဲ့ ဘဝအတွက် အရေးပါ မယ့် သူနဲ့ရွယ်တူ ကောင်လေးတယောက်နဲ့ ဆုံစည်း ခဲ့ရတယ်။
အဲဒီနေ့က ရပ်ကွက်ထဲက ကလေးတွေက နောက်ပြောင်တဲ့အတွက် ထွက်ပြေးရာကနေ ကား တစီးနဲ့ တိုက်မိမလိုဖြစ်ပြီး ကြွေရုပ် လဲကျသွားခဲ့တယ်။

ကားတံခါးဖွင့်ပြီး ဆင်းလာတဲ့ သူကတော့ သူနဲ့သက်တူရွယ်တူ ကောင်လေးတယောက်။ ဒါပေ မယ့် တလောကလုံး သူ့လုပ်စာစားနေရတဲ့ပုံစံ။ဝတ် စားထားပုံကလည်း အနောက်တိုင်း ဝတ်စုံအပြည့်နဲ့။
ကောင်လေးရဲ့ နှုတ်ထွက်စကားတွေက မောက်မာ လွန်းတဲ့အတွက် ဘဝတူချင်းဖြစ်တဲ့ တရပ်ကွက် တည်းနေ ကလေးတွေက သည်းမခံနိုင်လို့ ဝိုင်းဝန်း ထိုးကြိတ်မယ် လုပ်ရာမှာ ကောင်လေးက သူ့အိတ် ထဲက ပိုက်ဆံတထောင်တန်အုပ်ကို ကောင်းကင်ပေါ် ပစ်တင်လိုက်ပါတော့တယ်။ ကလေးတွေ က ကောင် လေးကို မထိုးတော့ဘဲ ပိုက်ဆံတွေကို ပြေးကောက် တော့တယ်။
ကောင်လေးက ကားပေါ်တက်ခါနီး ကြွေရုပ်ကို“ငါ့နာမည်မှတ်ထား၊ ယောမင်း” လို့ ပြောခဲ့တယ်။

အဲဒီကစပြီး ယောမင်းနဲ့ ဆုံတိုင်း ကြွေရုပ် အနိုင်ကျင့်ခံရ၊ ငိုရတော့တယ်။ ကြွေရုပ်ငိုရင် ယောမင်းက ရယ်ပါတယ်။

ယောမင်းကသူ့ရဲ့ အိမ်တော် ထိန်းကို ကြွေရုပ်ကို မွေးစားပေးဖို့ ပူဆာတဲ့အတွက် ကြွေရုပ်တို့အိမ်ကို လာပြောရာမှာ ကြွေရုပ် အမေ ဒေါ်သန်းသန်းက သမီးဖြစ်သူကို မပေးတဲ့အတွက် အိမ်တော် ထိန်း က လိပ်စာကတ်ပေးပြီး “ဘာအကူ အညီလိုလိုပြောပါ” လို့ မှာခဲ့တယ်။

တိုက်ဆိုင်ချင် တော့ ဒေါ်သန်းသန်း ကားတိုက်ခံရတယ်။ လိပ်စာ ကတ်လေးယူပြီး အဲဒီအိမ်ကိုသွားဖို့ သမီး ကြွေရုပ်ကို မှာပြီးချိန် ဒေါ်သန်းသန်း ဆုံးပါးသွားတော့တယ်။

လောကကြီးအလယ် အားကိုးရာမဲ့ဖြစ်နေတဲ့ကြွေရုပ် ယောမင်းတို့အိမ်ကို ရောက်ခဲ့ရတယ်။

နှစ်ပေါင်းများစွာ ကြာပြီး ယောမင်းနဲ့ကြွေရုပ်တို့ လူပျိုအပျိုတွေ ဖြစ်လာပေမယ့်လည်း ယောမင်းရဲ့ အနိုင်ကျင့်တဲ့ စရိုက်၊ အရာရာကို ငွေနဲ့ ဖြေရှင်းလို့ ရတယ်ဆိုတဲ့ အသိတရားတွေက မပြောင်းလဲဘဲ ပိုဆိုးလာတယ်။

ရည်စားပေါင်း သောင်းခြောက် ထောင်ရဲ့ ပြဿနာကို ဖြေရှင်းပေးရ၊ ယောမင်းရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရနဲ့ ကြွေရုပ် ဆိုတာ ယောမင်းအတွက် လူဖြစ်လာတဲ့သူလို ၏နေထိုင်ရတယ်။ ယောမင်းပြောနေ ကျ စကားတခွန်းကတော့ “ကြွေရုပ်၊ နင်ဟာ ငါ့အရုပ်ပဲ” တဲ့။

ဒီတော့ ကြွေရုပ် ကလည်း ယောမင်းကို အင်မတန် မုန်းတီးသူတယောက် ဖြစ်လာ တော့တာပေါ့။ အိမ်ကနေ ထွက်ပြေးဖို့ဆိုတာကလည်း တသက်လုံး ကျွေးမွေး ပညာသင်ပေးလာတဲ့ ကျေးဇူးတွေက ရှိနေပြန်တော့ “ဝဋ်ရှိသမျှ ဆပ်ရုံပေါ့” ဆိုတဲ့စိတ်ကို ဒုံးဒုံးချထားလိုက်တော့တယ်။

တနေ့ ယောမင်း တင်းနစ်ဘောလုံးနဲ့ ပစ်လိုက်လို့ မျက်လုံး ဖူးရောင်သွားချိန်မှာ သည်းမခံနိုင်တော့ဘဲ အိမ်ဖော်ကြီးကို သူ့ရဲ့ အမုန်းတရားတွေ ရင်ဖွင့်တော့ အိမ်ဖော် ဒေါ်လုံးက“ယောမင်း က သနားစရာပါသမီး ရယ် တကယ်ဆို အဲဒီပိုက်ဆံတွေကြောင့် သူ့ခမျာ လူဖြစ်ခဲ့ရတာ” လို့ဆိုရင်း ယောမင်းဘဝ အကြောင်း ပြန်ပြောပြတယ်။

ကျိကျိတက် ချမ်းသာတဲ့ သူဌေးကြီး ဦးသီဟရဲ့ အိမ်မှာ ဒေါ်မေသီက အစေခံတဦး။ ဒါပေမယ့် ဒေါ်မေသီက လှတယ်။ တနေ့ မမျှော်လင့်ဘဲ ဦးသီဟ အရက်မူးပြီး ဒေါ်မေသီအပေါ် မှားယွင်းမိတယ်။ ဦးသီဟ ရဲ့ ကိုယ်ဝန်လွယ်ထားရချိန်မှာ ဦးသီဟ ရဲ့ ဇနီးဖြစ်သူ ဒေါ်ရှင်းသန့်ကို အသိပေးမယ်ဆိုလို့ ဦးသီဟ က ဒေါ်မေသီတောင်းသမျှ ရွှေ၊ ငွေ၊ စိန်၊ ခြံတွေ ပေးလိုက်တော့တယ်။

ကလေးက သူ့သွေးသား ဖြစ်တာကြောင့် လူလားမြောက်ဖို့ ပြုစု ပျိုးထောင်ပေးဖို့ မှာကြားပြီးကလေးကိုတော့ သူ့ကို အဖေအဖြစ် အသိပေးနိုင်ပေမယ့် သူ့ဆီ လုံးဝ လာရောက်မဆက်သွယ်ဖို့၊ သူ့ရဲ့ တရားဝင် မိသားစု ကို မနှောင့်ယှက်ဖို့ သေသေချာချာ မှာကြား လိုက်တယ်။ဒေါ်မေသီ က ပညာဥာဏ် နည်းပါးသူဖြစ် တဲ့အလျောက် ကလေးကိုမွေးဖွားပြီး သူလည်း နေချင်သလိုနေတယ်။ ကလေးကို လည်း သူ့အတိုင်းပဲ ထားတယ်။ ဆုံးမမယ့် မိဘမရှိဘဲ မွေးဖွားလာ တဲ့ ယောမင်းမှမဆိုးရင် ဘယ်သူဆိုးမလဲ။ ယောမင်း မှ မမောက်မာရင် ဘယ်သူ မောက်မာမလဲ။ ဘယ်လိုပဲ ယောမင်းရဲ့ နောက်ခံဘဝ အကြောင်းကို သိရပေမယ့် ကြွေရုပ်သိတာက “အမုန်း”။

အဲဒီလိုအချိန်မှာ ယောမင်းရဲ့ဘဝကို တဆစ်ချိုးစေတဲ့ နေ့ တနေ့ ရောက်လာခဲ့တယ်။

ယောမင်းတယောက် သူ့အမေ နောက်အိမ်ထောင်ပြုပြီး နိုင်ငံခြားကို အပြီးထွက်သွားတော့မယ်လို့ သိရချိန်မှာ အမေ့ကို တားတယ်၊ ရင်ဖွင့်တယ်၊ မရဘူး။
ဒါနဲ့ ယောမင်းတယောက် ကြွေရုပ်ကို ခေါ်ပြီး အမေ့ကိုတားပေးဖို့ အဖေဖြစ်သူဆီမှာ အကူ အညီတောင်းဖို့ သွားတယ်။

သူရောက်သွားချိန်မှာတော့ ခြံကြီး ထဲမှာ ဦးသီဟက ဧည့်ခံပွဲကျင်းပနေချိန် ယောမင်းကို သူ့သား အဖြစ် လူသိမခံလိုတဲ့တွက် ဦးသီဟက ယောမင်းကို ထိုးကြိတ် ပြီး ခြံပြင်ဆွဲထုတ်ဖို့ သူ့တပည့်တွေကို အမိန့်ပေး လိုက်တယ်။

ယောမင်း ရင်ကွဲရတယ်၊ ယောမင်းရဲ့ မျက်ရည်ကို မမြင်ဖူးတဲ့ ကြွေရုပ် အကြီးအကျယ် အံ့အားသင့်သွားရတယ်။ ယောမင်းက “တွေ့လား ကြွေရုပ်၊ အဲဒါ ငါ့ဘဝပဲ၊ ပိုက်ဆံတွေရှိလို့ ငါ့ဘဝ ပြည့်စုံနေပြီလို့ နင်တို့ကထင်တယ်၊ တကယ်တော့ မပြည့်စုံပါဘူး” ဆိုပြီး ငိုကြွေးချိန်မှာ မှ ကြွေရုပ်က ယောမင်းကို သနားစိတ်ဝင်လာမိတယ်။

ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ဇာတ်ကားရုံတင်ချိန် မှာ စောင့်မျှော်ကြည့်ရှုကြပါလို့ ဟြေချင်ပါတယ်။
အစပိုင်းမှာ ဆိုခဲ့သလို ဘဝင်မကျချက် အနည်းအကျဉ်းတော့ ရှိနေပါတယ်။ ကလေးနှစ်ယောက် စတွေ့တဲ့ပုံစံက ဇာတ်ဆန်နေသလို၊ ဦးသီဟရဲ့ မှားယွင်းခဲ့တဲ့ ကိုယ်ဝန်ကိစ္စ ဖြေရှင်းတာကလည်း လက်တွေ့မှာ ဖြစ်နိုင်ပါ့မလားဆိုတာ တွေးမိတာပါ။

ဒါပေမယ့်လည်း တကယ့် လက်တွေ့ဖြစ်ရပ်တွေက ဝတ္ထုဇာတ်လမ်းတွေထက် ဆန်းကြယ် တာတွေလည်း ရှိနေတာပဲလေ။

ဒီလို ငွေကြေးမြောက်မြားစွာပေးပြီး ဖြေရှင်းကြတဲ့ လူတန်းစားက ဘယ်လိုလူတန်းစား ဖြစ်နိုင်မလဲ ဆိုတဲ့အတွေးလည်း ဝင်မိပါတယ်။

သွေးမတော်သားမစပ် တသက် လုံး အနိုင်ကျင့်ဗိုလ်ကျလာတဲ့ သူကို တခဏလေး အတွင်းမှာ သနားစိတ်ဝင်တဲ့ ကြွေရုပ်ရဲ့အဖြစ်ကလည်း သနားစရာပါ။

ဒီဇာတ်ကားကြီး ရုံမတင်ခင်ကတည်းက ကြည့်ချင်တဲ့သူတွေ များနေတာ၊facebook ပေါ်မှာ ရေးကြ တာ တွေ့ရပါတယ်။

ပရိသတ်တွေကို စော်ကားသလို ရိုက်ထားတဲ့၊ ပရိသတ်တွေကို ကလိထိုး ရယ်ခိုင်းပြီး ငွေညာယူနေတဲ့ ရုံတင်ဇာတ်ကားကြီးတွေထက်တော့ နှစ်သက်ကြမယ်လို့ ထင်ပါတယ်။

ကြည့်ပြီးမှပဲ ဘယ်သူတွေက ဘယ်လိုသရုပ်ဆောင်တာ ကောင်းပြီး ဘယ်သူတွေက လိုအပ်ချက်တွေရှိ တယ် ဆိုတာကို ပရိသတ်တွေကပဲ ဝေဖန်ပေး လိုက်ကြပါတော့။

ဧရာဝတီBlog

မှတ်ချက်များ