
ပြည်ပဈေးကွက်သို့ ကြိမ်ကုန်ကြမ်းများ အလုံးအရင်းဖြင့် တင်ပို့မှုကြောင့် ကုန်ကြမ်းရှားပါးမှု ရင်ဆိုင်နေရ သဖြင့် ကြိမ်ပေါက်ရာဒေသများကို အရေးကြီး ထိန်းသိမ်းရန် လိုအပ်လျက်ရှိသည်ဟု သတင်းရရှိသည်။
‘‘ရာသီဥတုတွေပြောင်းလဲနေတဲ့အတွက် ကြိမ်တွေက မပေါက်တော့ဘူး။ ကြိမ်ပေါက်နေကျနေရာတွေ လည်း နေရာပြောင်းပြီး ပေါက်တာတွေရှိလာတယ်။ နေရာ အတည်တကျမရှိတော့ဘူး။ စိုစွတ်ရာသီကို ကြိုက်တဲ့အတွက် ပေါက်တဲ့နေရာတွေကို ထိန်းသိမ်းတတ်ဖို့ အရေးကြီးတယ်။ ကြိမ်ပေါက်တဲ့ ဧရိယာတွေ ကျဉ်းလာတဲ့အတွက် ထုတ်ကုန်အဖြစ် ထုတ်ဖို့တောင် ကုန်ကြမ်းမရတဲ့အနေအထားမျိုး ဖြစ်နေလို့ အရေးတကြီးထိန်းသိမ်းဖို့ လိုနေပြီ’’ ဟု သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာဝန်ကြီးဌာန ညွှန် ကြားရေးမှူး ဦးကျော်ကျော်လွင်က ပြောသည်။
ကြိမ်ထုတ်လုပ်ရောင်းချသူများအတွက် လုပ်ငန်းလိုင်စင် ထုတ်ပေးထားပြီး လုပ်ငန်းရေရှည်လည်ပတ်ရန် ထိန်းသိမ်းမှုအပိုင်း အားနည်းနေခြင်းများ ရှိလာသည်။ ကြိမ်ထွက်ကုန်ကို ရေရှည်လုပ်ကိုင်နိုင်ရေးအတွက် ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာ လုပ်ငန်းတစ်ခု ရပ်တည်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်သဖြင့် လက်ရှိတွင် ၀ါးကြိမ်ထုတ်လုပ်သူများအသင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာဝန်ကြီးဌာနတို့ ထိန်းသိမ်းရန် အကောင်အထည်ဖော်နေသည်ဟုဆိုသည်။
အိမ်နီးချင်းတရုတ်နှင့် အင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ကြိမ်ကုန်ကြမ်း လိုအပ်ချက်မြင့်နေသဖြင့် ပြည်တွင်း ကြိမ်ကုန်ကြမ်းများကို အနုအရင့်မရွေး ၀ယ်ယူမှုများရှိနေသည်ဟု ကြိမ်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှ သိရသည်။
‘‘ပစ္စည်းအသစ်တွေ မလာတော့တာ တစ်နှစ်ကျော်နေပြီ။ ၀ယ်သူရှိပေမယ့် ရောင်းကုန်က မရှိဘူးဖြစ်နေ တာ။ ကုန်သည်တွေကနေ ပြန်တင်ရောင်းရတာပါ။ ကြိမ်ခြင်းလေးတွေသာ လာတဲ့အတွက် ၀ါးနဲ့လုပ်တဲ့ ပစ္စည်းတွေကိုသာ တင်ရောင်းနေရတယ်။ ၀ါးက ပိုးစားတာများတဲ့အတွက် ကြိမ်လောက်တော့ လူကြိုက်မ များပါဘူး’’ ဟု နေပြည်တော် ပျဉ်းမနားဈေးရှိ ၀ါးကြိမ် အချောထည်အရောင်းဆိုင်မှ ဦးအောင်ဇော် က ပြောသည်။
သူရကျော် | 7daydaily
မှတ်ချက်များ