ဒေးဒရဲမြို့ ဒီရေကာတောစိုက်ပျိုးသူ ၃၇ ဦး တရားစွဲခံရ

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်ရှိ ဒီရေ ကာတောစားကျက်မြေအတွင်း သစ်ပင်စိုက်ပွဲ ဦးဆောင်ပြုလုပ်သူနှင့် သစ်ပင်စိုက်ပျိုးသူ ၃၇ ဦးအား စားကျက်မြေအတွင်း လယ်ယာမြေ လုပ်ကိုင်နေသူ များက နယ်မြေခံရဲစခန်းများတွင် အမှုဖွင့် တရားစွဲ ဆိုထားကြောင်း သတင်းရရှိသည်။

ဒီရေကာတောစားကျက်မြေအတွင်း သစ်ပင်စိုက်ပွဲ ဦးဆောင်သူ လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေးကွန်ရက် (HRWDN) အဖွဲ့မှ ဦးထွန်းထွန်းဦးနှင့် ကျုံဒါက် အုပ်စု၊ တော်ကနိ-ညောင်လိန်ကုန်းကျေးရွာမှ ဒေသခံ ၂၅ ဦးအား မေလ ၂၅ ရက်နေ့တွင် ကျံဒါးရဲစခန်း၌ လည်းကောင်း၊ တော်ပေါင်စိန် ကျောင်းဆိပ်ကျေးရွာမှ ဒေသခံ ၁၁ ဦးတို့အား ဇွန်လ ၇ ရက်နေ့တွင် ဆူးကလပ် ရဲစခန်း၌လည်းကောင်း လယ်သမားများက ပုဒ်မ ၄၄၇ (ပိုင်နက်ကျူး လွန်မှု) အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

သစ်ပင်စိုက်မှုကြောင့် တရားစွဲခံရသည့်ကိစ္စများနှင့်ပတ်သတ်၍ HRWDN အဖွဲ့နှင့် ဒေးဒရဲဒေသခံများ ပူးပေါင်းကာ ပုသိမ်မြို့တွင် တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။

တရားစွဲခံနေရသည့် တော်ကနိ ညောင်လိန်ကုန်းကျေးရွာမှ ဒေါ်စိုးစိုးက “ကျမတို့ဒေသမှာ ပင်လယ်ဒီရေတိုက်စားတာ တအားဖြစ်နေလို့ သဘာဝဘေး ကာကွယ်ရမယ်ဆိုတဲ့ အသိနဲ့ နဂိုမူလကရှိခဲ့တဲ့စားကျက်မြေထဲမှာ ဒီရေကာတောအပင်တွေ ကိုယ်ထူကိုယ်ထစနစ်နဲ့ ၀ိုင်းဝန်း စိုက်ပျိုးခဲ့ကြတာပါ။ အဲဒါကို စားကျက်မြေထဲမှာ နှစ်ပေါင်းများစွာ ကျူးကျော်လယ်လုပ်နေခဲ့တဲ့ လယ်သမားတွေက ပိုင်နက်ကျူးလွန်တယ်ဆိုပြီး တရားစွဲတာ” ဟု ဧရာဝတီကို ပြောသည်။

ဒီရေကာတောစိုက်ပျိုးပွဲ ဦးဆောင်သူများနှင့် သစ်ပင်စိုက်သူများ တရားစွဲဆိုခံရမှုမှာ ယခုတကြိမ်နှင့်ဆိုလျှင် တတိယအကြိမ်မြောက် ဖြစ်သည်။ ယခုနှစ် မတ်လအတွင်းက ဒီရေကာတောများ၏ အရေးပါပုံအကြောင်း ဟောပြောခဲ့သည့်အတွက် HRWDN အဖွဲ့ဝင် ဦးထွန်းထွန်းဦးနှင့် လိုက်ပါ ကူညီပေးသည့် ဒေသခံ ဦးချိုလွင်၊ ဦးမြင့်လွင်၊ ဦးခင်ရွှေတို့အား နယ်မြေခံကျုံဒါး စခန်းမှူး ရဲအုပ်နိုင်မွန်ထွန်းက ပုဒ်မ ၁၈ ဖြင့် ပထမအကြိမ် တရားစွဲဆိုခဲ့သည်။

ကျုံကနပ်စားကျက်မြေအတွင်း ဒီရေကာတောစိုက်ပျိုးပွဲကို မေလ ၁၂ ရက်နေ့က ကျင်းပခဲ့ရာ ခွင့်ပြုချက်မရှိဘဲ လူစုဝေးသည့်အတွက် ဦးထွန်းထွန်းဦးနှင့် ဒေသခံ ဦးချိုလွင်၊ ဦးခင်ရွှေတို့ကို ကျုံဒါးစခန်းမှူး ရဲအုပ်နိုင်မွန်ထွန်းက ပုဒ်မ ၁၈ ဖြင့် ဒုတိယအကြိမ် တရားစွဲဆိုခဲ့သည်။

ဒေးဒရဲမြို့နယ်တောင်ဘက်ပိုင်းတွင် အင်္ဂလိပ်အစိုးရလက်ထက်မှ စတင်၍ ဒီရေကာတောစားကျက်မြေ ဧက ၂၀၀၀ ကျော် သတ်မှတ်ပေးထားခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် ကျေးရွာအာဏာပိုင်များက ရောင်းစားခဲ့ရာ ဒီရေကာတောများပြုန်းတီးခဲ့ပြီး လယ်ယာမြေများဖြစ်သွားခဲ့ကြောင်း သိရသည်။

ဒီရေကာတောပြုန်းတီးမှုကြောင့် ပင်လယ်ရေတိုက်စားမှုများ ဆိုးဝါးစွာကြုံတွေ့နေရသည့်အတွက် ဒေးဒရဲဒေသခံ ၁၀၀၀ ကျော် စုပေါင်းလက်မှတ်ရေးထိုး၍ ဒီရေကာတောစားကျက်မြေအဖြစ် ပြန်လည်သတ်မှတ်ပေးရန်နှင့် ဒီရေကာတောအပင်များ စိုက်ပျိုးခွင့်ပြုရန် ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်ထံ တင်ပြခဲ့တရာ ၀န်ကြီးချုပ်က နှုတ်မိန့်ဖြင့် ခွင့်ပြုခဲ့သည်ဟု ဒေသခံ မခင်ပြုံးက ပြောသည်။

“ဒီရေကာတောတွေပြုန်းတီးကုန်လို့ ပင်လယ်ရေတိုက်စားမှုတွေဖြစ်တော့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ဆီကို ဒေသခံတွေစုပေါင်းပြီး ဒီရေကာတော စိုက်ဖို့ တင်ပြတယ်။ အဲဒီမှာ ၀န်ကြီးချုပ်က ဒီရေကာတောတွေကို သမီးတို့လည်းစိုက်ကြ၊ အဘတို့လည်းစိုက်မယ်ဆိုပြီး အားပေးခဲ့တယ်။ အဲဒါနဲ့ ပုသိမ်ကပြန်လာပြီး ဒီရေကာတောစိုက်ပျိုးပွဲ ကျင်းပပြီးတော့ အပင်တွေစိုက်ကြတာ။ အဲဒါကို ရဲကလည်း ပုဒ်မ ၁၈ နဲ့ တရားစွဲတယ်။ လယ်သမားကလည်း ပိုင်နက်ကျူးလွန်တယ်ဆိုပြီး တရားစွဲတယ်” ဟု
မခင်ပြုံးက ရှင်းပြသည်။
ဒေးဒရဲမြို့နယ် တောင်ဘက်ပိုင်းရှိ တော်ကနိ-ညောင်လိန်ကုန်း၊ ချောင်းသစ်ပေါက် ဥသြလမ်း၊ ကျွန်းပင်၊ တော်ကရင်၊ တော်ပုလွဲ၊ တော်ပေါင်စိန်ကျောင်းဆိပ်စသဖြင့် ကျေးရွာပေါင်း ၂၀ ကျော် စုပေါင်း၍ မေလ ၁၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဒီရေကာတောစားကျက်မြေများအတွင်း သစ်ပင်များ စိုက်ပျိုးခဲ့ရာ အပင်ပေါင်း ၁ သိန်းကျော် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

“ဒေးဒရဲဒေသဟာ ဒီရေကာတောစိုက်ပြီး ပင်လယ်ရေတိုက်စားမှုကို ကာကွယ်ဖို့ လိုအပ်နေတဲ့ ဒေသဖြစ်လို့ ပညာပေးဟောပြောတာတွေ၊ ဒီရေကာတောစိုက်ပျိုးပွဲတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီးကလည်း ဒီရေကာတောတွေစိုက်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမယ့် တကယ်တမ်း ဒီရေကာတောစိုက်တဲ့အခါမှာ အစိုးရက မကူညီတဲ့အပြင် တရားစွဲခံနေရတယ်။ ကမ္ဘာပေါ်မှာ သစ်ပင်စိုက်လို့ တရားစွဲတာ မြန်မာနိုင်ငံတခုပဲ ရှိမယ်ထင်မိတယ်” ဟု HRWDN အဖွဲ့ဝင် ဦးထွန်းထွန်းဦးက ပြောသည်။

သို့သော် ဧရာဝတီတိုင်းအစိုးရက မေလကုန်ပိုင်းတွင် ယင်းစားကျက်မြေများအတွင်း ယာယီ လယ်စိုက်ပျိုးခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် လယ်သမားများက ဒီရေကာတောအပင်များ စိုက်ပျိုးထားသည့်စားကျက်မြေအတွင်း ၀င်ရောက်ထွန်ယက်စိုက်ပျိုးခဲ့ကြသည်။

ထို့ကြောင့် ဒီရေကာတောစိုက်ပျိုးသူများနှင့် လယ်သမားများ ယခုလ ၅ ရက်နေ့က ထိပ်တိုက်ရင်ဆိုင်၍ အခြေအနေတင်းမာခဲ့ရာ ဒေးဒရဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင့်လူက ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက် ထိမ်းသိမ်းခဲ့ရကြောင်း သိရသည်။

“နှစ်ဖက်စလုံးက လူအုပ်နဲ့ ထိပ်တိုက်ရင်ဆိုင်မယ့်အခြေအနေဖြစ်နေလို့ ကျနော်တို့ ၀င်ရောက် ထိမ်းသိမ်းခဲ့တာပါ။ နှစ်ဖက်စလုံး ဥပဒေနဲ့အညီ လုပ်ကြပါလို့ ပြောပြီး တားထားရတယ်” ဟု ဒေးဒရဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင့်လူက ပြောသည်။

ဒးဒရဲမြို့နယ် ကျုံဒါတ်၊ မရမ်း၊ လိပ်ကျွန်း၊ ဆူးကလပ်၊ ရှမ်းကန်စသည့် ကျေးရွာအုပ်စုများမှာ ဒေးဒရဲမြို့ တောင်ဘက်တွင်တည်ရှိပြီး ကျေးရွာပေါင်း ၄၀ ကျော်ပါဝင်ကာ လူပေါင်း ၄ သောင်းကျော် အခြေချ နေထိုင်ကြသည့် ပင်လယ်ကမ်းစပ်ဒေသဖြစ်သည်။ နာဂစ် မုန်တိုင်း ကာလတွင် လူပေါင်းသောင်းနှင့်ချီ သေကြေပျောက်ဆုံးခဲ့သည့်ဒေသတခုလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဒီရေကာတောများ ပျက်စီးပြုန်းတီးမှုကြောင့် ယင်းဒေသတွင် ပင်လယ်ရေတိုက်စားမှုများ ဆိုးဝါးစွာဖြစ်ပေါ်နေပြီး တော်ပေါင်စိန်၊ ချောင်းသစ်ပေါက်၊ ရေတွင်းကုန်း၊ သံဒိပ်၊ တော်ကရင်၊ လေးရွာစသည့် ကျေးရွာများမှာ ရေတိုက်စားမှုဒဏ်ခံနေရသည်။

ဆလိုင်းသန့်စင် | ဧရာဝတီ



မှတ်ချက်များ