မိုးအေးအေးနဲ့ အခိုးတွေပွင့်စေချင်ရင် ရခိုင်တံငါသည်ဟင်းကို လက်တို့ချင်တယ်



မိုးအေးအေးနဲ့ ချဉ်ငံစပ် ရခိုင်တံငါသည်ဟင်းလေး လုပ်စားကြရအောင်။ တံငါသည်ဟင်းကို ကိုတံငါလို့လည်း အတိုကောက်ခေါ်ပါတယ်။ ပင်လယ်ထဲ ငါးရှာတဲ့ ကိုတံငါတို့ ပုစွန်နဲ့ကဏန်းလည်း တစ်နပ်စာမရ၊ ငါးလည်း တစ်နပ်စာမရဘူးဆိုရင် ရသမျှကို ရောနှောပြီး ချက်ရတဲ့ဟင်းမို့ တံငါသည်ဟင်းလို့လည်း ခေါ်ပါတယ်။

တံငါသည်ဟင်းချက်ရာမှာ ပါဝင်ရမယ့် ပင်လယ်စာတွေကတော့ ပြည်ကြီးငါး၊ ဂုံး၊ ခရု၊ ငါး၊ ရေဘဝဲ၊ ကင်းမွန်၊ ကဏန်းအမာနဲ့အပျော့၊ ပုစွန်နဲ့ ရေခူတို့ပါ။ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ ရှမ်းနံနံ၊ ပင်စိမ်းရွက်၊ ကြက်သွန်အဖြူအနီ၊ ငြုပ်ကောင်းနဲ့ ငရုပ်သီးစိမ်း၊ ရခိုင်ငါးပိနဲ့ သကြား၊ ဟင်းချိုမှုန့်တွေလည်း ပါဝင်ပါတယ်။ ကဲ ချက်နည်းလေး ကြည့်ကြရအောင်။

ပါးပါးလှီးထားတဲ့ ပင်လယ်စာတွေကို ဒယ်အိုးထဲထည့်ပြီးလှော်ပါ။ ရေထည့်ပါ။ ရေထည့်ပြီးရင် ရခိုင်ငါးပိ၊ ကြက်သွန်ဥနီနဲ့ ခရမ်းချဉ်သီးတွေထည့်ပြီး ခဏထားပါ။ ဟင်းကျက်ခါနီးပြီဆိုရင် ငြုပ်ကောင်းမှုန့်နဲ့ ကြက်သွန်ဖြူကိုထည့်ပြီး လုံးဝပြီးသွားရင်တော့ ပင်စိမ်း၊ ရှမ်းနံနံနဲ့ ကြက်သွန်မြိတ်ကိုအုပ်ပြီး အနံ့တွေမထွက်အောင် ထားလိုက်ပါ။

လှည်းတန်း ဗဟိုလမ်းမပေါ်မှာရှိတဲ့ ဟိန်းစားသောက်ဆိုင်က ကမာရွတ်ပရိသတ်အတွက် တံငါသည်ဟင်းကို ဖန်တီးပေးထားပါတယ်။ စားသုံးသူတွေ ကျေနပ်မှုရှိဖို့ ကုန်ကြမ်းတွေကို ရခိုင်ပြည်က တခူးတကမှာပြီး ကျန်းမာနဲ့ညီအောင် ကြာရှည်မထားဘဲ လတ်ဆတ်အောင် ထားတယ်လို့ ကိုကျော်သန်းက ရှင်းပြပါတယ်။

အရည်သောက်နဲ့ ချဉ်ငန်စပ်အရသာလေးမို့ ခံတွင်းလိုက်ပြီး အခုလို မိုးအေးအေးမှာ ထိုင်းမှိုင်းမနေဘဲ အခိုးတွေထွက်ပြီး နေထိုင်ကောင်းတယ်လို့ သူငယ်ချင်းရဲ့ အဖော်စပ်လို့ တံငါသည်ဟင်းကို ပထမဆုံး လာစားဖြစ်တဲ့ မသင်းသင်းလှိုင်က ပြောပါတယ်။  (အချက်အပြုတ် ရုပ်/သံ)


kamayutmedia










မှတ်ချက်များ