ဟောင်ကောင် တိန်ယန်မင် ၂၅ နှစ်မြောက် အထိမ်းအမှတ်ပွဲ လူပေါင်းသိန်းချီ စုဝေး


တရုတ်ပြည်မကြီးတွင် ဖြစ်ပွားခဲ့သည့် တိန်ယန်မင်ရင်ပြင် သတ်ဖြတ်ခံရမှု ၂၅ နှစ်မြောက် အထိမ်းအမှတ် ပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်ကျွန်း၌ ကျင်းပရာ လူပေါင်းသိန်းချီ စုဝေးခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

လူထုစုဝေးပွဲ စီစဉ်သူများက လူပေါင်း ၁၈၀,၀၀၀ ကျော် တက်ရောက်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များကမှု တက်ရောက်သူ ဦးရေမှာ ၁၀၀,၀၀၀ အောက်သာ ရှိသည်ဟု ဆိုသည်။

ဟောင်ကောင်ကျွန်းသည် တရုတ်ကွန်မြူနစ်နိုင်ငံ လက်အောက်တွင် ရှိသော်လည်း ပြည်မကြီး တရုတ်များကဲ့သို့ မဟုတ်ဘဲ ပြည်သူ့အခွင့်အရေးကို ရယူ ထိန်းသိမ်းထားသည်။

၁၉၈၉ ခုနစ်တွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲရန် တောင်းဆိုမှုများ တရုတ်နိုင်ငံ၌ ဖြစ်ပွားခဲ့သော်လည်း ကွန်မြူနစ်ပါတီတွင်း သဘောထား တင်းမာသူများ အသာစီးရပြီးနောက် ဆန္ဒပြမှုများကို အင်အားသုံး ဖြိုခွင်းခဲ့သည်။

တရုတ် အာဏာပိုင်များက ၁၉၈၉ ဆန္ဒပြမှုများမှာ တန်ပြန်တော်လှန်ရေး လှုပ်ရှားမှု ဖြစ်သည်ဟု သတ်မှတ်ထားပြီး တရားဝင် အောက်မေ့ဖွယ်များ လုပ်ဆောင်ခြင်း မရှိပေ။

ထို့ကြောင့် တရုတ်နိုင်ငံတွင်း တီယန်မင် အထိမ်းအမှတ်ကို ကြီးကြီးကျယ်ကျယ် ကျင်းပသည့် နေရာဆို၍ ပြည်သူ့လွတ်လပ်ခွင့် ရရှိထားသော ဟောင်ကောင်ကျွန်း တစ်နေရာသာ ရှိသည်။

မီးများ မှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် လူများက အမှောင်ထဲတွင် ဖယောင်းတိုင်များ ထွန်းညှိလိုက်ပြီး ၁၉၈၉ ခုနစ် ဇွန်လ ၄ ရက်နေ့တွင် သေဆုံးသွားသူများ၏ နာမည်များကို စပီကာဖြင့် ဖတ်ကြားခဲ့ကြသည်။

“ဖယောင်းတိုင် မီးရောင်တွေကို ရှီကျင့်ဖျင် (တရုတ်သမ္မတ) မြင်နိုင်ပါစေ” ဟု ဟောင်ကောင် စုဝေးပွဲ စီစဉ်သူ လီချောက်ယန်က AFP သတင်းကို ပြောကြားသည်။

ထိုင်ဝမ်ရှိ တက်ကြွလှုပ်ရှားသူများလည်း အထိမ်းအမှတ်ပွဲ ဆင်နွဲခဲ့ကြပြီး တရုတ်အာဏာပိုင်များ၏ ဖြိုခွင်းမှုသည် ကြီးမားသော သမိုင်းဆိုင်ရာ ဒဏ်ရာကြီး ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ မာရင်ကျောက်က ဝေဖန်လိုက်သည်။

အဆိုပါ တီယန်မင် အောက်မေ့ဖွယ်ရာများကို ထင်မြင်အသုံးချပြီး လူ့အခွင့်အရေးနှင့် ဆိုင်သော အမြင်များကို ပြုပြင်ပြောင်းလဲရန် ဘေဂျင်းကို ထိုင်ဝမ်နှင့် ဂျပန်အစိုးရများက တောင်းဆိုလိုက်သည်။

တောင်တရုတ်နယ်မြေ ပိုင်ဆိုင်ရေး တရုတ်နှင့် အပြင်းအထန် အငြင်းပွားနေသော ဗီယက်နမ် နိုင်ငံကလည်း တီယန်မင်အရေးနှင့် ပတ်သက်၍ ဝေဖန်ခြင်းမရှိ နှုတ်ဆိတ်နေခြင်းကို စတင်လမ်းခွဲလိုက်ပြီး တရုတ်အစိုးရ၏ အပြုအမှုများကို ဗီယက်နမ်နိုင်ငံပိုင် မီဒီယာများတွင် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

သို့သော်လည်း အထိမ်းအမှတ်နေ့တွင် လူထုစုဝေးမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် တရုတ်အာဏာပိုင်များက တိန်ယန်မင်ရင်ပြင်တွင် လုံခြုံရေး တင်းကျပ်မှုများ လုပ်ဆောင်ထားပြီး နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

တိန်ယန်မင်ရင်ပြင်အနီး ဖြတ်သန်းသွားလာသူများကို တရုတ်လုံခြုံရေးများက တင်းတင်းကျပ်ကျပ် စစ်ဆေးနေသော်လည်း ၁၉၈၉ ခုနစ် ဆန္ဒပြပွဲတွင် သေဆုံးသွားသူအချို့၏ ဆွေမျိုးများကို ရင်ပြင်တွင်းသို့ ရဲတပ်ဖွဲ့အစောင့်ဖြင့် ဝင်ရောက် လည်ပတ်ခွင့် ပြုထားသည်။

“၁၉၈၉ ဇွန် ၄ နေ့ရက်တွေမှာ သတ်ဖြတ်ခံ၊ ထိန်းသိမ်းခံ၊ ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်၍ တရုတ်အာဏာပိုင်တွေ တာဝန်ခံ လုပ်ဆောင်ပေးသင့်ပါတယ်” ဟု အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့တွင် တရုတ်အာဏာပိုင်များကို တောင်းဆိုခဲ့သည်။

The voice

မှတ်ချက်များ