၆၉နှစ်ပြည့်မယ့် စုအတွက် ပန်းချီဆရာ ၇ဦးရဲ့ ပန်းချီ ၇ဝကျော် ရန်ကုန်မှာပြနေပြီ
လာမယ့် ဇွန် ၁၉ရက်နေ့မှာ ကျရောက်မယ့် ၆၉နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းချီဆရာ ၇ယောက်ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံကို ရေးဆွဲထားတဲ့ ပန်းချီကား ၇ဝကျော်ကို ဇွန် ၁၄ရက်နေ့ကစပြီး ပြသနေပါပြီ။ ဘာလို့ လူထုခေါင်းဆောင်ပုံတွေချည်း ရေးဆွဲထားတာလဲ။
ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးက လူတွေရဲ့ ကြောက်စိတ်ဖြစ်ပြီး သတ္တိဆိုတာ လုပ်သင့်လုပ်ထိုက်တာကို ကြောက်ကြောက်နဲ့လုပ်ရဲတာဖြစ်တယ်ဆိုတဲ့ Message ကို ရည်ညွှန်းပြီး လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားလို့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို ရေးဆွဲတာလို့ ပန်းချီ စိုင်းလင်းမြတ်က ပြောပါတယ်။
“စုအတွက်”လို့ ခေါင်းစဉ်ပေးထားတဲ့ ဒီပြပွဲကို ဇွန် ၁၄ကနေ ၂၁ရက်နေ့အထိ River Ayeyarwaddy ပြ ခန်းမှာ ပြသထားပြီး ပန်းချီဆရာတွေ၊ ရုပ်ရှင်အနုပညာသမားတွေနဲ့ နိုင်ငံခြားသားတွေ ဖွင့်ပွဲနေ့မှာ ပြခန်းကို လာကြည့်ခဲ့ကြပါတယ်။ အဓိကပင်တိုင် ရေးဆွဲတဲ့ပန်းချီဆရာတွေကတော့ မမွှေး၊ ချောအိသိမ်းနဲ့ စိုင်းလင်းမြတ်တို့ဖြစ်ပြီး ကျန်ပန်းချီဆရာတွေကတော့ ခင်မောင်ရင်၊ ရာဟုလာ၊ သျှီ၊ ခင်မောင်နီဖြစ်ပါတယ်။
နိုင်ငံတကာမှာ သူတို့လေးစားတဲ့ လူထုခေါင်းဆောင်ရဲ့ပုံကို ဓာတ်ပုံ၊ ပန်းပု စသဖြင့် ကိုယ်မြင်ရာရှုထောင့် ကနေ ခံစားရေးဆွဲကြသလို မြန်မာပြည်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတွေ များများရှိတာကို ပြသခြင်းဟာ ပြည်သူတွေစိတ်မှာ ပျော်ရွှင်ကြည်နူးတယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။
စုအတွက် ပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်ကပုံအပြင် သူဖြတ်သန်းခဲ့တဲ့ ဘဝတလျှောက်ရဲ့ ခံစားတွေတွေကို ထင်ဟပ်သလို အမျိုးသမီးတွေအားလုံး အားကျစရာကောင်းတဲ့ တိုင်းပြည်အပေါ် ချစ်မြတ်နိုးတဲ့ပုံရိပ်တွေကို ပြသထားပါတယ်လို့ ပြခန်းထူထောင်သူတစ်ယောက်က ဆိုပါတယ်။
kamayutmedia

မှတ်ချက်များ