မာဖီးယားဂိုဏ်းသား များကို ပုပ်ရဟန်းမင်းကြီး စိန်ခေါ်


လူမှုကိစ္စများတွင် တက်ကြွစွာ ပါဝင်လေ့ရှိသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အီတလီတောင်ပိုင်း မားဖီးယား ဂိုဏ်းတစ်ဂိုဏ်း အခြေစိုက်ရာဒေသ ကာလာဘရီယာကို တရားဟော ခရီးစဉ် သွားရောက်ခဲ့ကာ မာဖီးယား ဂိုဏ်းသားများသည် မိစ္ဆာများ ဖြစ်ကြောင်း ပြောဆိုရှုတ်ချခဲ့ပြီး ၎င်းတို့ အင်အားချည့်နဲ့ လာနေပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ရာဇဝတ်ဂိုဏ်းသားများကို ခရစ်ယာန် ကျောင်းတော်မှ ထုတ်ပယ်လိုက်ကြောင်းလည်း ရဟန်းမင်းကြီးက လူထုပရိသတ်ကို တရားဟောကြားစဉ် မိန့်ကြားခဲ့သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးနှင့် ဆက်စပ်သောအကြွေးများ မပေးနိုင်သဖြင့် အသတ်ခံရသော အမျိုးသားတစ်ဦးနှင့် သုံးနှစ်သား ကလေးငယ်လေးတို့၏ ကျန်ရစ်သူ မိသားစုထံသို့လည်း ပုပ်ရဟန်းမင်းကြီး သွားရောက်တွေ့ဆုံခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် အစုအဝေးလိုက် ရာဇဝတ်မှု ကျူးလွန်သူများနှင့် အကျင့်ပျက်ခြစားခြင်းတို့ကို မကြာခဏ လူသိထင်ရှား ထုတ်ဖော်ဝေဖန်လေ့ ရှိသည်။ လူသောင်းပေါင်းများစွာ တက်ရောက် နားထောင်သော တရားပွဲတွင် ရဟန်းမင်းကြီးက အန်ဒရာဂီတာ မာဖီးယားဂိုဏ်းသည် မိစ္ဆာများဖြစ်ကြကာ ကောင်းမြတ်ခြင်းတရားကို ကျောခိုင်းသူများ ဖြစ်ကြသည်ဟု ဆိုခဲ့သည်။

“မကောင်းဆိုးဝါးတွေရဲ့သွားရာလမ်းအတိုင်း သွားကြတဲ့လူတွေဟာ ဘုရားသခင်နဲ့ အဆက်အသွယ် ရတော့မှာ မဟုတ်ပါဘူး။ သူတို့ကို ခရစ်ယာန် ကျောင်းတော်က ထုတ်ပယ်ပါတယ်” ဟု ရဟန်းမင်းကြီးက ဆိုသည်ဟု Reuters သတင်းက ဖော်ပြထားသည်။

ဖော်ပြပါ မာဖီးယားဂိုဏ်းသည် အီတလီနိုင်ငံ၏ ကိုကင်းရောင်းဝယ်မှု လမ်းကြောင်းကို အဓိက ထိန်းချုပ် ထားသော မူးယစ်ဂိုဏ်း တစ်ဂိုဏ်းဖြစ်ကာ စစ္စလီနှင့် နာပိုလီဒေသ တစ်လျှောက်တွင် အင်အားအကောင်း ဆုံး မာဖီးယားအုပ်စုလည်း ဖြစ်သည်။ “ကလေးတစ်ယောက် ဒီလိုနာကျင် ခံစားရတာမျိုး နောက်တစ်ကြိမ် မဖြစ်စေသင့်ပါဘူး” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။ မာဖီးယားဂိုဏ်းနှင့် ဆက်စပ်သော ရာဇဝတ်မှုများကြောင့် ထောင်ဒဏ် ကျခံနေကြရသော အကျဉ်းသားများနှင့်လည်း ပုပ်ရဟန်းမင်းကြီးက ကတ်စ်ရိုဗီလာရီ ထောင်ကြီးတွင် တွေ့ဆုံခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက ရာဇဝတ်မှု ထောင်ကျအကျဉ်းသားများကို သွားရောက် တွေ့ဆုံသည့်အခါ ထောင် သားအများအပြား မျက်ရည်ကျခဲ့ကြသည်ဟု AFP သတင်းက ရေးသားထားသည်။

The Voice

မှတ်ချက်များ