ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်တွင် နေအိမ်သုံးလုံး မီးလောင်ရာမှ ကလေးနှစ်ဦး သတိမေ့ကာ ဆေးရုံတင်ရ

မီးလောင်သည့်နေရာအား ရပ်ကွက်အတွင်း နေထိုင်သူများက ရှင်းလင်းနေစဉ် (ဓာတ်ပုံ – ကြည်နိုင်)

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ရွှေနှင်းဆီလမ်း အုပ်စု (၃)တွင် ဇွန် ၂ ရက် ည ၁၁ နာရီ မိနစ် ၃၀ ခန့်က နေအိမ်သုံးလုံးမီးလောင်ကျွမ်းရာမှ ကလေးနှစ်ဦး သတိမေ့ကာ ရန်ကုန်ဆေးရုံ ကြီးသို့ ပို့ဆောင်ကုသခဲ့ရကြောင်း သိရသည်။

ရွှေနှင်းဆီလမ်း၊ ခြံအမှတ် ၉၃ ရှိ အိမ် ခန်းတွဲ(၅)တွဲပါ နေအိမ်တစ်လုံး၊ အိမ်ခန်း တွဲ(၃)တွဲပါ နေအိမ်တစ် လုံးနှင့် အခြားနေ အိမ်တစ်လုံးတို့ မီးလောင်ကျွမ်းခဲ့ရာ ဇွန် ၃ ရက် နံနက် ၁ နာရီခန့်တွင် မီးငြိမ်း သွားကြောင်း လာရောက်ငြှိမ်းသတ်ခဲ့သည့် သာကေတမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်အ ရာရှိတစ် ဦးက ပြောကြားသည်။

“တစ်ညနေလုံး မီးပြတ်နေတာ။ မီးပြတ်လို့ ဖယောင်းတိုင်ထွန်းထားတာကိုမေ့ပြီး အိပ်ပျော်သွားရာကနေ မီးလောင်သွားတယ်လို့ အကြမ်းဖျင်း ယူဆထားပါတယ်” ဟု အထက်ပါ မီးသတ်အရာရှိက ပြောကြားသည်။

ထို့ပြင် ဒေါပုံမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက “ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ ခုနစ်နှစ်အရွယ် ကလေးတစ်ဦးနဲ့ သုံးနှစ်အရွယ်ကလေးတစ်ဦး မီးဟပ်တာလား၊ မီးခိုးမွှန်လို့လားတော့ မသိဘူး။ သတိမေ့သွားလို့ အရေးပေါ်ကားနဲ့ ခေါ်ထုတ်သွားတာ တွေ့လိုက်တယ်” ဟု ဆိုသည်။

သုံးခန်းတွဲအိမ်မှ အိမ်ငှား ကို—(စိစစ်ဆဲ) နေထိုင်သော အိမ်ခန်းမှ စတင်လောင်ကျွမ်းကြောင်း ကနဦးသိရ သည်။

နေအိမ်ထူထပ်သော အဆိုပါရွှေနှင်းဆီလမ်းတွင် နေထိုင်သော ရပ်ကွက်သားများက ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး မီးသတ်ကားများ ရောက်လာချိန်တွင် မီးလုံးဝငြိမ်းအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုသို့ မီးသတ်ကား စုစုပေါင်း ၁၃ စီးခန့် လာရောက်ငြှိမ်းသတ်ခဲ့ပြီး မီးသတ်ကားတစ်စီးမှာ လမ်းဘေးတွင် ဘီးကျွံကျမှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် အိမ်ထောင်စု ၁၀ စုခန့်အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့၍ မီးဘေးကယ်ဆယ်ရေး စခန်းတစ်ခု ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်လူကြီးများမှ စီစဉ်ဆောင်ရွက်နေကြောင်း အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရသည်။

News Eleven




မှတ်ချက်များ