မြန်မာ့လက်ရွေးစင်နှင့် KBZ အသင်း၏ ကစားသမားဟောင်းဖြစ်သူ ဦးစိုးမြတ်မင်းသည် KBZ အသင်း၏ နည်းပြချုပ်အဖြစ် တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဦးစိုးမြတ်မင်းသည် ၂၀၀၉-၁၀ ရာသီများက KBZ အသင်း၏ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ရာသီတွင် KBZ လူငယ်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ သူဖြစ်သည်။ ဦးစိုးမြတ်မင်းသည် KBZ အသင်းကို ဇွန်(၂)ရက် က စတင်တာဝန်ယူ ကိုင်တွယ်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။ “ဦးစိုးမြတ်မင်းကို အသင်းနည်းပြချုပ်အဖြစ် တာဝန်ပေးလိုက်ပါပြီ။ MNL ပွဲစဉ်(၁၁) ကစပြီး အသင်းကို တာဝန်ယူမှာပါ” ဟု KBZ အသင်း တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
KBZ အသင်းနည်းပြချုပ်အဖြစ် စတင်တာဝန်ယူကိုင်တွယ်မည့် ဦးစိုးမြတ်မင်းကလည်း “အသင်းရဲ့ နည်းပြချုပ်အဖြစ် ခန့်အပ်ခံရလို့ ၀မ်းသာဂုဏ်ယူမိပါတယ်။ လက်ရှိနည်းပြအဖွဲ့နဲ့ ပူးပေါင်းပြီး အသင်းအ တွက် အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။ KBZ အသင်းမှာ ဦးသန်းထိုက် အနားယူ ပြီးနောက် ယာယီနည်းပြအဖြစ် ဦးမင်းဇော်ဦးကို ခန့်အပ်ထားခဲ့ပြီး လက်ရှိတွင် ဦးစိုးမြတ်မင်းကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ MNL စည်းမျဉ်းများ အရ အနည်းဆုံး AFC(B) လိုင်စင်ရရှိထားသူသာ နည်းပြချုပ်အဖြစ် တာဝန်ယူခွင့်ရှိပြီး ဦးစိုးမြတ်မင်းမှာ AFC(C)လိုင်စင်သာ ရရှိထားကြောင်း သိရသည်။
News Eleven

မှတ်ချက်များ