ခုနောက်ပိုင်း အသက်ကြီးလားလို့ အချစ်ကားလေးတွေ ပိုရိုက်ဖြစ်လာတယ်လို့ဆိုတဲ့ ဒါရိုက်တာ ၀င်းထွန်းထွန်း


ဒရာမာဇာတ်ကားတွေထက် အချစ် ဖန်စီနုနုရွရွ ဇာတ်ကားတွေကိုသာ အရိုက်များလာတဲ့ ဒါရိုက်တာ ၀င်းထွန်းထွန်းနဲ့ ရှုတင်တစ်ခုမှာတွေ့ဆုံခိုက် သိချင်တာတွေကို မေးမြန်းဖြစ်တဲ့အခါ “ခုရိုက်နေတဲ့ ကားလေးက ချစ်ဦးမေတဲ့။ မင်းသားက နေမင်း၊ မင်းသမီးက ချစ်သုဝေပေါ့။ ဒီကားလေးကလဲ အရမ်းချစ်တတ်တဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ အချစ်ကားလေးစစ်စစ်ပါ။

ဇာတ်ကားတစ်ကားမှာ သာမန်ထက် ဗီလိန်ကတော့ပိုပြီး သာမန်သရုပ်ဆောင်တွေထက် ၂ဆလုပ်တတ်ရတယ်။ ၂ဆင့် ကိုင်ရတယ်။ အများအမြင်မှာတစ်မျိုး၊ တခြားနေရာမှာ တစ်မျိုး ၂မျိုးကို ချိန်းချိန်းပြီး လုပ်သွားရတယ်။ ဗီလိန်လုပ်တဲ့သူသည် အရမ်းလေးစားဖို့ကောင်းတယ်။

သာမန်လူထက် ၂ဆလုပ်နိုင်မှပေါ့နော်။ ဗီလိန်နေရာမှာ သရုပ်ဆောင်ရတဲ့သူက အိုက်တင်ပိုင်းဆိုင်ရာမှ ကျွမ်းကျင်တဲ့သူမှ ဖြစ်မှာပေါ့နော်။ ကျွမ်းကျင်ရုံတင်မကဘူး။ ထူးခြားမှုပါရှိတဲ့ ကာရိုက်မျိုးကို အဓိက သရုပ်ဆောင်ရတာ ဗီလိန်ပါလို့ပြောပါတယ်။” လို့ သူက ရှင်းပြသွားပါတယ်။

ခုနောက်ပိုင်း အချစ်ဖန်စီဇာတ်ကားလေးတွေချည်း ရိုက်ဖြစ်လာတဲ့အပေါ်မှာလည်း သူက “ ခုနောက်ပိုင်းမှာ က အသက်ကြီးလို့လားမသိဘူး။ ချစ်တတ်လာတယ်လို့ပြောရမယ်။ အချစ်ကား များလာတယ်။ ဒီကားပြီး ရင် ဇေရဲထက်နဲ့ဝတ်မှုန်ရွှေရည်နဲ့နှစ်ကားဆက်ရိုက်ရမယ်။ ရန်ကုန်မှာပဲ။ အမှန်က ပြင်ဦးလွင်ဇာတ်ပါ။

ဒါပေမဲ့ နောက်လမှာ ရုပ်ရှင်ကားကြီး ရိုက်စရာရှိလို့ရန်ကုန်မှာရှိမှဖြစ်တဲ့အတွက် ရန်ကုန်ဇာတ်လေး ပြောင်း လိုက်တာပေါ့။ ရုပ်ရှင်ကားကြီးက ၇လပိုင်း ၃ရက်နေ့မှာ စရိုက်မှာပါ။ မင်းသားကတော့မြင့်မြတ်ရယ်၊ သူထူးစံရယ်၊ ဖြိုးငွေစိုးရယ်၊ ထွန်းထွန်းရယ်၊ ရွှေမှုန်ရတီရယ်။ မေမြင့်မိုရ်ရယ်။ ထုတ်လုပ်ရေးက ADMA ကပါ။ ကားနာမည်က မှော်ကျောက်စာလို့ပေးထားတယ်။

အဲကားလေးကလဲ ရိုမန့်စစ်စစ်လေး ပါ။ နှစ်ပေါင်းထောင်ချီ ချစ်တတ်တဲ့ အချစ်အကြောင်းလေးကိုရိုက်ပြ ထားတာပေါ့။ ၃ရက်နေ့ကနေ ၁၂ရက်နေ့ထိကရန်ကုန်၊ ၁၂ကနေ၁၅ က တောင်ငူ၊ ပြီးရင်ပြင်ဦးလွင်ပါ။ ဒီကားလေးက ဇာတ်အိမ်လေးလဲ နည်းနည်းကြီးတယ်။ ရိုက်ရင်လဲ အနည်းဆုံးတစ်လလောက်ကြာမယ်”တဲ့။



ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ