၂၀၁၄ - ၂၀၁၅ခုနှစ်၏ ပညာရေးကာလ အစနေ့ဖြစ် သည့် ယနေ့ ဇွန်လ(၂)ရက် တနင်္လာနေ့ နံနက်ပိုင်း တွင် တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ယန်း ခမ်းကျေးရွာရှိ အခြေခံမူလတန်းကျောင်းမှ ကျောင်း အုပ်ဆရာမ ကြီး ဒေါ်အေးသီတာထွန်းနှင့် အဆိုပါကျောင်းမှ ဆရာမ ဒေါ်သန္တာဝင်းတို့သည် တာချီလိတ်မြို့ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ လာရောက်ပြီး အပြန် နေ့လည် (၁၂း၃၀)နာရီခန့် အချိန်တွင် ယာဉ်မတော်တဆဖြစ်ပွားရာမှ ကျောင်း အုပ်ဆရာမကြီးဖြစ်သူ ဒေါ်အေးသီတာထွန်းသည် ဆေးရုံသို့အရောက် ဆေးကုသစဉ် ဦးခေါင်းဒဏ် ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ တာချီလိတ် - ကျိုင်းတုံသွား ကားလမ်းမ ဘေးရှိ စစ်ဗျူဟာ၊ ဆန်စက်ပေါက်အနီးတွင် ကျောင်းအုပ် ဆရာမကြီးသည် ဆိုင်ကယ်အနောက်မှ ထိုင်ကာလိုက်ပါလာပြီး အရှေ့တွင် မောင်းသူ ဆရာမ ဒေါ်သန္တာ ၀င်း သည် ၎င်းတို့၏ ဆိုင်ကယ်ရှေ့၌ ပိတ်နေသော လိုင်းကားအား ကျော်တက်ရာမှ အရှေ့တည့်တည့် တဖက်တွင် မောင်းလာသည့် Pajero အမျိုးအစား မော်တော်ယာဉ်၏ ၀ဲဖက်ဘန်ကာအား တိုက်မိရာမှ ယာဉ်မောင်း အသက်(၂၄)နှစ်ရှိ ဆရာမ ဒေါ်သန္တာဝင်းတွင် ထိခိုက်ဒဏ်ရာ မရှိသော်လည်း ယာဉ်နောက်မှ လိုက်ပါလာသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာထွန်းတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ် ရာဖြင့် ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့တာ ဖြစ်ကြောင်း သိရသည်။
"အဓိက သေတဲ့အကြောင်းအရင်းက ဆိုင်ကယ်ဦးထုပ်မဆောင်းလို့၊ ဆိုင်ကယ်ဦးထုပ်ဆောင်းတယ်ဆိုရင် ဒဏ်ရာရတာလောက်ပဲဖြစ်မှာ အခုက ဆိုင်ကယ်ဦးထုပ်မဆောင်းတော့ ဦးခေါင်းကိုဒဏ်ရာရပြီး သေ သွားတာပါ၊ ဆိုင်ကယ်မောင်းသူအားလုံးပဲ ဆိုင်ကယ်စီးရင် ဆိုင်ကယ်ဦးထုပ်ဆောင်းကြဖို့ သတိပေး တာဟာ အခုလို မဖြစ်သင့်တာတွေ ဖြစ်သွားမှာစိုးလို့ပါ"ဟု အမှတ်(၆၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်စိတ်(၂) တာချီလိတ်မှ ယာဉ်ထိန်းရဲတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
အဆိုပါ ယာဉ်မတော်တဆဖြစ်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ဆရာမ ဒေါ်သန္တာဝင်းအား ယာဉ်အား မဆင်မခြင်ကျော်တက်မောင်းနှင်မှုဖြင့် တာချီလိတ်မြို့မရဲစခန်းမှ ယာဉ်(ပ) ၁၄/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၀၄ - က ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။
ကိုဇောင်း | တာချီလိတ်သတင်း

မှတ်ချက်များ