စစ်ကိုင်း မင်းကွန်းဘက်ကို သွားရင် ခရီးတစ်ထောက် ဝင်နားပြီး မုန့်တီကို ဝင်စားရပါတယ်။ ခိုထောင်ရွာကို အစွဲပြုပြီး ခိုထောင်မုန့်တီရယ်လို့ နာမည်ကျော် လူကြိုက်များတဲ့ အညာသူအညာသားတို့ရဲ့ စွဲမက်စရာ အစားအသောက်ဟာ အခုတော့ ရန်ကုန်ကို ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ရောက်လာပါပြီ။
ခိုထောင်မုန့်တီဟာ အညာအခေါ် နန်းလတ်မုန့်တီဖတ်နဲ့ သုတ်ရတဲ့ မုန့်တီသုတ်ပါ။ ဆီနီဖြစ်ဖြစ် ဆီဝါဖြစ်ဖြစ် နှစ်သက်ရာကို ရွေးပြီး ဂေါ်ဖီခပ်ပါးပါး၊ ပဲမုန့်၊ ငါးဖယ်လုံး၊ငံပြာရည်၊ ဟင်းချိုမှုန့်၊ မုန့်ကြွပ်ကြော်၊ နံနံပင်နဲ့ ပဲသီးတောင့်ထည့်လိုက်ရင်တော့ မန္တလေးမုန့်တီနဲ့ မတူခြားနားတဲ့ ခိုထောင်အရသာပါ။
ခိုထောင်မုန့်တီနဲ့ တွဲဖက်သောက်ရတဲ့ အရည်သောက် ဟင်းရည်ကတော့ ပိတ်စွယ်လေးပါမှ ခိုထောင်အရသာ စစ်စစ်အဖြစ် ပိုပြီးပြည့်စုံစေမှာပါ။ ရန်ကုန်မြို့ တောင်ဥက္ကလာပ သုမင်္ဂလာနဲ့ သံသုမာလမ်းကြား ပါရမီလမ်းပေါ် မှာ ဖွင့်ထားတဲ့ Gourmet မန္တလေးမုန့်တီဆိုင်ရဲ့ ပိုင်ရှင် ကိုမောင်မောင်သိန်းက ခိုထောင်မုန့်တီမှာ ပါဝင်တဲ့ကုန်ကြမ်းတွေကို မန္တလေးကနေ မှာပြီး ရန်ကုန်ကစားသုံးသူတွေ လက်ခံလာအောင် ယုံကြည်မှုတည်ဆောက်ခဲ့ရပါတယ်လို့ ဆိုပါတယ်။
ခိုထောင်မုန့်တီကို ငယ်ငယ်ကတည်းကကြိုက်ခဲ့ပြီး ရန်ကုန်မှာ တကူးတက စားဖြစ်တဲ့ ဒေါ်နီနီဆွေက ခိုထောင်ရွာက ခိုထောင်မုန့်တီအရသာကို ခံစားရပါတယ်လို့ ပြောပါတယ်။
ခိုထောင်မုန့်တီဟာ ပဲဆီစစ်မှုနဲ့ ပဲမုန့်အနံ့ လတ်ဆတ်မှုဟာ ထူးခြားချက်ဖြစ်ပြီး ဒီဆိုင်မှာ လာစားတဲ့အခါ ခိုထောင်မုန့်တီစစ်စစ်အရသာကို ခံစားရပါတယ်လို့ မရွှေစင်သွန်းလက ဆိုပါတယ်။
kamayutmedia

မှတ်ချက်များ