လက်ရှိပြောင်းလဲလာတဲ့ ခေတ်စနစ်ဟာ အမိန့်နဲ့အုပ် ချုပ်တဲ့ခေတ် မဟုတ်ဘဲ ဥပဒေနဲ့အုပ်ချုပ်ရတာ ဖြစ် တဲ့အတွက် ဥပဒေတွေရဲ့ နောက်ဆက်တွဲအနေနဲ့ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်တွေ ထွက်ပေါ်နိုင်အောင် သက်ဆိုင်ရာအစိုးရအဖွဲ့အ စည်းတွေက အမြန်ဆုံးရေးဆွဲပေးဖို့လို အပ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တိုက်တွန်းပြောလိုက် ပါတယ်။
မြန်မာနိုင်ငံ လယ်ယာနဲ့ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး အထူးပြုဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတကို တိုက် တွန်းကြောင်းအဆိုကို ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက တင်သွင်းတာနဲ့ ဆက်စပ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
“ခေတ်ကအမိန့်နဲ့ အုပ်ချုပ်တဲ့ခေတ်မဟုတ်ဘူး၊ ညွှန်ကြားချက်နဲ့ အုပ်ချုပ်တဲ့ခေတ်၊ ဥပဒေနဲ့ အုပ်ချုပ်တဲ့ခေတ် ဒါကြောင့် ဥပဒေအသက်ဝင်ဖို့ဆိုရင် ဥပဒေလေး လွှတ်တော်ကပြဌာန်းလိုက်ရုံနဲ့ မပြီးသေးဘူး ဒီဥပဒေကို အကောင်အထည်ပေါ်မဲ့ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ ညွှန်ကြားချက် စည်းမျဉ်းဥပဒေ တစ်ခု အဲ့ဒါထွက်တော့မှ စပြီးလှုပ်ခြားလို့ရမယ်”
လယ်ယာကဏ္ဍဖံွ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရမယ့်ကိစ္စတွေနဲ့ တောင်သူတွေရဲ့အခွင့်အရေး ကာကွယ်ပေးနိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်က တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို အတည်ပြုပြီးဖြစ်ပေမယ့် နောက်ဆက်တွဲ နည်းဥပဒေနဲ့ အမိန့်ညွှန်ကြားချက်တွေ မပြဋ္ဌာန်းနိုင်သေးတဲ့အတွက် တောင်သူတွေကို ငွေချေးမယ့်ကိစ္စတွေ ဆောင်ရွက်ဖို့ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။
ဒီနေ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းတင်သွင်းတဲ့ အဆိုဟာ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေမှာပါတဲ့ ဆောင်ရွက်ရမယ့်အချက်တွေနဲ့ တူနေတာကြောင့် အဲဒီအဆိုကို လွှတ်တော်က မှတ်တမ်းတင်ထားလိုက်ပါတယ်။
တဆက်ထဲမှာလည်း န၀မအကြိမ် လွှတ်တော်တွင်း ပြင်ဆင်ချက်တချို့နဲ့ ပြည်သူ့လွှတ်တော်က အတည်ပြုထားတဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ(၁၈) ကို ဒီကနေ့ ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာလည်း အတည်ပြုလိုက်ပါတယ်၊ ဒီအကြောင်းတွေနဲအတူ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွင်း ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကို မသင်းသီရိက စုစည်းပြောပြမှာပါ။
RFA

မှတ်ချက်များ