ကိုယ့်အကြိုက်ထက် ပရိသတ်အကြိုက်ကိုလည်း မျှုပြီးတော့ လုပ်မှ ဂီတလမ်းကြောင်းမှာ အဆင်ပြေမယ်လို့ထင်တဲ့ကျော်သီဟ
Melody World မှတစ်ဆင့် မီးလေး၊ မင်းသိလာမယ် ဆိုတဲ့သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ ကျော်သီဟကို လတ်တလော သူ့ရဲ့အနုပညာ လှုပ်ရှားမှုနဲ့ သူ့အခွေအကြောင်း မေးမြန်းဖြစ်ခဲ့တဲ့အ ခါ “လတ်တလောမှာတော့ အတွဲအခွေလေးမှာဆိုဖြစ်တယ်။ City FM ၁၂နှစ်ပြည့်နှစ်ပတ်လည်မှာလည်း City FM ရဲ့ကမ္ဘာတည်သရွေ့ Theme Song ကိုကျွန်တော်ရယ်၊ ခင်စုစုနိုင်ရယ်၊ မို့မို့လွင်ရယ် ပေါင်း ပြီးတော့ ဆိုထားပါတယ်။ တီဗီကြော်ငြာ သီချင်းတွေကတော့ ပုံမှန်ဆိုဖြစ်နေကြပါပဲ။ နောက်ထပ် ကျွန်တော်ဆိုထားတဲ့ အတွဲအခွေတွေ အများကြီးထွက်ဖို့ ရှိပါသေးတယ်။
ပြီးတော့ ကျွန်တော့်ရဲ့ ဒုတိယအခွေလေးကို စလုပ်တယ်။ သီချင်းတွေ အားလုံး ရွေးပြီးသွားပြီ။ ပထမအခွေဖြစ်တဲ့ ပြောပြချင်တယ်ထဲကသီချင်းတစ်ချို့ပြန်ပါမယ်။ ပထမ အခွေမှာတုန်းက ဈေးကွက်ထဲ မရောက်ခဲ့တာတွေ ရှိတယ်။ကိုယ့်စိတ်ကြိုက် မလုပ်ခဲ့ရပဲ ပရိုဂျူဆာနဲ့ လုပ်ခဲ့ရတဲ့အတွက်ကြောင့် အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။ အခွေက ထွက်တယ်ပြောပေမယ့် ပရိသတ် မသိခဲ့ဘူး။ အဲဒီတော့ ကိုယ်က ပထမအခွေတုန်းက ကိုယ်သဘောကျခဲ့တဲ့၊ ပရိသတ်တွေလည်း ကြိုက်မယ်လို့ထင်တဲ့ သီချင်းတွေက ပရိသတ်မသိခဲ့ဘူး။
ဒါကြောင့် ကိုယ်ကိုယ်တိုင် လုပ်လို့ရတဲ့၊ ကိုယ့်စိတ်ကြိုက်ဖြစ်မယ့် ဒုတိယအခွေမှာ ပထမအခွေက သီချင်းတစ်ချို့ပြန်ထည့်မယ်။ ပြီးတော့ ၂၀၀၈မယ်လိုဒီဝေါမှာ ဆိုထားတဲ့ မင်းသိလာမယ် သီချင်းလေး လည်း ပြန်ထည့်မယ်။ မီးလေးသီချင်းကိုလည်း Version အသစ်ပြောင်းပြီး လုပ်သွားမယ်။ သီချင်းတွေက ခြောက်နှစ်လောက်ရှိသွားပြီ။ တော်တော်ကြာပါပြီ။ ဒါပေမယ့် တစ်ချို့က မင်းသိလာမယ်နဲ့ ကျော်သီဟနဲ့ မတွဲမိတာတွေရှိတယ်။ တစ်ချို့ကျတော့ သီချင်းကိုသိပြီး လူမသိတာ ရှိတာကြောင့် ဒုတိယအခွေနာမည်ကို မင်းသိလာမယ်လို့ ပေးထားပါတယ်။ မင်းသိလာမယ် သီချင်းက ကျွန်တော့်ရဲ့ဆရာကေအေတီ ရေးပေးခဲ့တာဆိုတော့ အမှတ်တရလည်း ဖြစ်အောင်လို့ပါ။
ဒုတိယအခွေကိုအားစိုက် ပြီးလုပ်နေတယ်။ နောက်နှစ်အစမှာVCD ပါ တန်းထွက်ဖြစ်နိုင်အောင်လို့ ကြိုးစားနေပါတယ်။ ကျွန်တော်ဆိုနေကျ ပေါ့ဂီတ ပုံစံမျိုးပါပဲ။ ကျွန်တော်ရေးထားတဲ့ သီချင်းသုံး၊လေးပုဒ်လောက်ပါမယ်။ ပရိသတ်စိတ်ကြိုက်ဖြစ်စေမယ့် သီချင်းတွေပဲ ဦးစားပေးပြီး ရေးထားပါတယ်။ ကျွန်တော့်ကို ပေါ့သီချင်းတွေနဲ့ပဲ ပိုလိုက်တယ်လို့ ပရိသတ်တွေပြောကြတယ်။ အနုပညာရှင်ဆိုတာ ကိုယ်ကြိုက်တာချည်းပဲ လုပ်လို့မရဘူး။
ပရိသတ်အကြိုက်ကိုလည်း မျှပြီးတော့ လုပ်မှ ဂီတလမ်းကြောင်းမှာ အဆင်ပြေမယ်လို့ ထင်တယ်။ ဂီတနဲ့ပတ်သက်ပြီး ဝမ်းစာ မပြည့်သေးပါဘူး။ ဂီတနဲ့ပတ်သက်ပြီး သီချင်းဆိုတာ မဟုတ်ပဲနဲ့ သီချင်းဆိုတာကို အခြေခံပြီးတော့မှ သီချင်းရေးတဲ့အလုပ်ကို အရမ်းစိတ်ဝင်စားတယ်။ အခုနောက်ပိုင်းမှာ သီချင်းရေးဖြစ်နေတယ်။ နောက်ပြီး စန္ဒယားတီးတာ၊ တယောထိုးတာတွေဝါသနာပါတယ်။ အခုလောလောဆယ်ကျွန်တော် စန္ဒယား တီးသင်နေတယ်။ ပြီးရင် တယောသင်သွားဖို့ ရှိမယ်။ ကျွန်တော်ကတော့ music နဲ့ပတ်သက်တဲ့၊ ဆက်နွယ်နေတဲ့ အရာမှန်သမျှ စိတ်ဝင်စားပါတယ်”လို့ဆိုပါတယ်။
စန္ဒီ | Trend Myanmar

မှတ်ချက်များ