စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စော်ဘွား(၁၁/ က) ရပ်ကွက်နေ ဦးရာကျော် ဆိုသူ၏ နေအိမ်၌ ကိုးကွယ် ထားရှိသော ဗုဒ္ဓဆင်တုတော်မှ ဆံပင် များပေါ်ပေါက်လာသည်ဟု သတင်းများဖြစ်ပေါ် လျက်ရှိရာ တမူးမြို့မ ရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မျိုးမြင့်ဆွေနှင့်အဖွဲ့က သွားရောက်၍ သတင်းအတည်ပြုခဲ့ရသည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထူးခြားဖြစ်စဉ်မှတ်တမ်းများ တွင် ဖော်ပြထားကြောင်း သိရသည်။
“ ကြံရည်ရောင် ဖန်သား ဗုဒ္ဓဆင်းတုတော်ကနေ ဆံတော်(၆)ဆူပွင့်တာဖြစ်ပါတယ်..။ အဲ့ဒီဆင်တုတော်က ဥာဏ်တော်အမြင့်(၅)လက္မဖြစ်ပါတယ်..” ဟု တမူးမြို့၊ စော်ဘွားရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း မှ ပြောပြသည်။
ဗုဒ္ဓဆင်းတုတော်မှ ပေါ်ပေါက်လျက်ရှိသော အဆိုပါ ဆံတော်များသည် အရှည် တစ်လက်မခွဲ၊ အဖြူရောင် ဖြစ်ပြီး ဆံတော်၏ ထိပ်ဖျားတွင် အဖြူရောင် အသီးလုံးလေးများပါရှိကြောင်း တမူးမြို့မ ရဲစခန်း နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် မျိုးမြင့်ဆွေနှင့်အဖွဲ့က သွားရောက်၍ စီစစ်အတည်ပြုချက်များအရ သိရသည်။
၎င်း ဗုဒ္ဓဆင်းတုတော်အား ကိုးကွယ်ထားရှိသူ အိမ်ရှင် ဦးရာကျော်သည် လွန်ခဲ့သော(၅)နှစ်ခန့်က အဆိုပါ ဗုဒ္ဓဆင်းတုတော်အား တမူးမြို့၊အလောင်းဘုရားလမ်းရှိ “ ဇာနည်းဦး “ စတိုးဆိုင်မှ ၀ယ်ယူပင့်ဆောင်၍ ကိုး ကွယ်ခဲ့ခြင်းဖြစ်သည်။ ၀ယ်ယူခဲ့စဉ်က တန်ဘိုးမည်မျှပေးခဲ့ရသည်ကို ဦးရာကျော်မှ မှတ်မိခြင်းမ ရှိတော့ ကြောင်း ပြောပြသည်။
ဗုဒ္ဓဆင်းတုတော်၏ ဦးခေါင်းမှ ဆံတော်ပွင့်သည်ဟုဆိုသော သတင်းများဖြစ်ပေါ်ပြီး အဆိုပါ သတင်းများမှာ တမူးမြို့နယ်အတွင်း ပျံ့နှံ့လျက်ရှိရာ နေ့စဉ် လူအများအပြား လာရောက်ဖူးမျှော်ကြည့်ရှု့လျက်ရှိကြောင်း မြို့ နယ်ထွေအုပ်ရုံး၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ကိုတိုး ချင်းတွင်း

မှတ်ချက်များ