ထိုင်းနိုင်ငံတွင် ကမ္ဘာ့ဖလားပွဲစဉ်များ အခမဲ့ ထုတ်လွှင့်ပြသရန် စစ်အာဏာရှင်များ ကြားဝင်ဆောင်ရွက်


ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကာလအတွင်း ပွဲစဉ်အားလုံးကို အခမဲ့ ထုတ်လွှင့်ပြသသွားရန် နိုင်ငံအတွင်းရှိ ရုပ်မြင်သံကြား လုပ်ငန်းများ အားလုံးကို ထိုင်းနိုင်ငံ၏ စစ်အာဏာရှင်များက တောင်းဆိုခဲ့ကြောင်း သတင်းရ ရှိသည်။

ပြီးခဲ့သည့် လအတွင်းက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက် ဝေဖန်မှုများစွာ ရင်ဆိုင်ခဲ့ရသည့် စစ်ဗိုလ်ချုပ်များသည် နိုင်ငံသားများ၏ ပျော်ရွှင်မှုကို လှုံ့ဆော်စည်းရုံးသည့် ၎င်းတို့၏ စီမံကိန်း အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်လာခြင်း ဖြစ်သည်။ အစိုးရ အနေဖြင့် အခမဲ့ ဖျော်ဖြေပွဲနှင့် အခမဲ့ ဆံပင်ညှပ်ခွင့် အစရှိသည့် မက်လုံးများဖြင့်လည်း ပြည်သူများ၏ ထောက်ခံမှုအတွက် ဆွဲဆောင်ကြိုးပမ်း ခဲ့ပြီး ဖြစ်သည်။

ထိုင်းဖျော်ဖြေရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် RSနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်မှုဆိုင်ရာ စည်းမျဉ်းထိန်း သိမ်းရေး အဖွဲ့အစည်း တစ်ခုကြား ညှိနှိုင်းဆွေးနွေးနေမှု မပြီးပြတ်သည့် အခြေအနေတွင် အစိုးရက ကြားဝင်လာခြင်း ဖြစ်သည်။

“ထိုင်းနိုင်ငံသား အားလုံးအတွက် စဉ်းစားပေးတဲ့ အနေနဲ့ ကမ္ဘာ့ဖလားကို အခမဲ့ ကြည့်ရှုခွင့်ရအောင် ကျွန်တော်တို့က တောင်းဆိုခဲ့တာပါ။ အတင်းအဓမ္မ ခိုင်းစေတာမျိုး မဟုတ်ပါဘူး။ တောင်းဆိုခြင်း သက် သက်ပဲ ဖြစ်ပါတယ်”ဟု အစိုးရ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝစ်သာနီ ဆူဗာရီးက ပြောကြားခဲ့သည်။

ထိုင်းစစ်အာဏာရှင်များသည် ဘန်ကောက်မြို့နှင့် အချို့သော အစိတ်အပိုင်းများတွင် ညမထွက်ရ အမိန့်ကို ဆက်လက် ထုတ်ပြန်ထားဆဲဖြစ်ရာ ဘောလုံးပွဲ ပရိသတ်များ အနေဖြင့် ပွဲစဉ်များ အခမဲ့ ကြည့်ရှုရသည့်တိုင် အတူတကွ စုရုံးခွင့် မရှိဘဲ မိမိနေအိမ်တွင်သာ ပွဲကြည့်ရမည့် သဘောဖြစ်သည်။

ထိုင်းအမျိုးသား ရုပ်သံထုတ်လွှင့်မှုနှင့် ဆက်သွယ်ရေး ကော်မရှင် (NBTC)က ထိုင်းစစ်အစိုးရသည် နိုင်ငံအ တွင်း၌ ဘောလုံး ပွဲစဉ်များ အခမဲ့ ပြသပေးရန်အတွက် RSထံ ငွေကြေးပမာဏ တစ်ရပ် ပေးချေကမ်းလှမ်း ခဲ့ကြောင်း ပြောကြားခဲ့သည်။

RSသည် အစောပိုင်းက ကမ္ဘာ့ဖလား ပွဲစဉ်များ ထုတ်လွှင့်ပြသမှု မူပိုင်ခွင့်အတွက် လက်လွှဲပေးရန် ဒေါ်လာ (၂၁.၅)သန်း တန်ဖိုးသတ်မှတ်ထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုင်းစစ်အာဏာရှင်များ အနေဖြင့် ပြည်သူများ၏ ထောက်ခံမှုကို ရရှိရန်အတွက် ငွေကြေးအလုံးအရင်း သုံးစွဲရန် သဘောတူ ညီခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း ခန့်မှန်းမှုများ ထွက်ပေါ်လျက်ရှိသည်။

7daydaily

မှတ်ချက်များ