ကမ္ဘာတစ်ဝန်းလုံး စိတ်ဝင်တစား စောင့်ကြည့်အားပေးနေသည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ဘရာဇီးလ်နိုင်ငံတွင် စတင်ကျင်းပ


၂၀၁၄ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားကို ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့ရှိ Arena Corinthians ကွင်း၌ ကျင်းပနေစဉ် (Photo: AFP)

ကမ္ဘာတစ်ဝန်းလုံး စိတ်ဝင်တစား စောင့်ကြည့်အားပေးနေသည့် ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘရာဇီးလ်နိုင် ငံတွင် ဇွန် ၁၂ ရက် (မြန်မာစံတော်ချိန် ဇွန် ၁၃ ရက် နံနက်ပိုင်း) က စတင်ကျင်းပခဲ့ကြောင်း သိရသည်။



၁၉၃ဝ ပြည့်နှစ်က စတင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယခုနှစ်တွင် အကြိမ်(၂ဝ)မြောက် ကျင်းပခြင်းဖြစ်ပြီး ဘရာဇီးလ်နိုင်ငံက ၁၉၅ဝ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၄ ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးလ်အသင်းမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ၁၉၅၈၊ ၁၉၆၂၊ ၁၉၇ဝ၊ ၁၉၉၄၊ ၂ဝဝ၂ ခုနှစ်များတွင် ချန်ပီယံဆု ငါးကြိမ်ရယူထားနိုင်ကြောင်း သိရသည်။



ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဘရာဇီးလ်သမ္မတ ဒီလ်မာရူဆက်ဖ်နှင့် ပြည်နယ်အစိုးရတာဝန် ရှိသူများ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်၊ ချီလီ၊ ပါရာဂွေး၊ အီကွေဒေါ၊ ဘိုလစ်ဗီးယား၊ ဥရုဂွေး၊ ကွန်ဂို၊ ဆူရီနမ်၊ အန်ဂိုလာ၊ ဂါဘွန်နှင့် ဂါနာနိုင်ငံများမှ သမ္မတများ၊ ကာတာစော်ဘွား အယ်လ်သာနီနှင့် ခရိုအေးရှားဝန်ကြီးချုပ် မီလာနိုဗစ် စသည့် နိုင်ငံခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဘရာဇီးလ်ရိုးရာ အနုပညာများနှင့် ခေတ်မီနည်းပညာများပါဝင်သည့် တင်ဆက်မှုများအပြင် နာမည်ကြီးအဆိုတော်များဖြစ်သည့် ဂျနီဖာလိုပက်ဇ်၊ ကလော်ဒီယာလိုင်တီနှင့် Pitbull တို့က We Are One သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ ယင်းပြိုင်ပွဲကို Are-na Corinthians ကွင်းအတွင်း လာရောက် ကြည့်ရှုသူ ၆ဝဝဝဝ ကျော်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း ရုပ်သံမှကြည့်ရှုသူ တစ်ဘီလျံခန့်အထိ ရှိခဲ့ကြောင်းလည်း သိရသည်။



ဖွင့်ပွဲအခမ်းအနားပြုလုပ်မည့်နေ့တွင် ဆော်ပေါ်လိုမြို့၌ ဆန္ဒပြပွဲများပြုလုပ်မည် မဟုတ်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ပြိုင်ပွဲမတိုင်မီ နာရီပိုင်းအလိုခန့်တွင် လူ ၁ဝဝ ခန့်က မျက်နှာဖုံးများတပ်ဆင်၍ Arena Corinthians ကွင်းသို့ သွားရောက်ရန် ကြိုးပမ်းခဲ့သောကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် ရော်ဘာကျည်ဆန်များ အသုံးပြုကာ လူစုခွဲခဲ့ကြောင်း သိရသည်။ ထို့ပြင် ယင်းဖြစ်ရပ်မတိုင်မီ ဆော်ပေါ်လိုဘူတာရုံအနီးတွင် အသေးစားဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။



2014 FIFA World Cup Brazil

မှတ်ချက်များ