မက္ကဆီကိုဂိုးသမား အိုချူအာ၏ လက်စွမ်းပြကာကွယ်မှုများကြောင့် အိမ်ရှင်ဘရာဇီးလ်အသင်း သရေတစ်မှတ်နှင့် ကျေနပ်ခဲ့ရ

ဘရာဇီးလ်အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗား၏ ခေါင်းတိုက်ဂိုးသွင်းမှုကို မက္ကဆီကိုဂိုးသမား အိုချူအာ ကာကွယ်နေစဉ် (Photo – AFP)
၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (A) ဒုတိယပွဲစဉ်နှင့် အုပ်စု (H) ပထမပွဲစဉ်များကို ဇွန် ၁၈ ရက် နံနက်ပိုင်း (မြန်မာစံတော်ချိန်) က ယှဉ်ပြိုင်ကစားခဲ့ရာ ဘရာဇီးလ်- မက္ကဆီကို၊ ရုရှား-တောင်ကိုရီးယား နှစ်ပွဲစလုံး သရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ဘရာဇီးလ်အသင်းတွင် ဒဏ်ရာပြဿ နာရှိနေသည့် ဟော့ခ်မှလွဲ၍ နေမာ၊ ဖရက်ဒ်၊ အော်စကာ၊ ရာမီရက်စ်၊ ဂူစတာဗို၊ ပေါ်လင်ဟို၊ မာဆယ်လို၊ လူးဝစ်ဇ်၊ သီယာဂိုဆေးလ်ဗား၊ အဲလ်ဗတ်စ်တို့ဖြင့် လူစုံပါဝင်ခဲ့ပြီး (၄-၂-၃-၁) ပုံစံ ပွဲထွက်ကစားခဲ့သည်။ မက္ကဆီကလည်း ဒေါ့ဆန်းတို့စ်နှင့် ပါရယ်လ်တာတို့ တိုက်စစ်တွင် တွဲကစားကာ ဂွါဒါဒို၊ မားကွက်ဇ်တို့ ပါဝင်ခဲ့သည်။ ဘရာဇီးလ်အသင်းမှာ နေမာ၊ အော်စကာတို့၏ တိုးအားကိုသာ အားပြုကစားခဲ့ပြီး ဖရက်ဒ်ကလည်း ခြေစွမ်းပြနိုင်ခြင်း မရှိသလို မက္ကဆီကိုဂိုးသမား အိုချူအာ၏ လက်စွမ်းပြကာကွယ်မှုများကြောင့် ဂိုးမရှိ သရေကျခဲ့ခြင်းဖြစ်သည်။ မက္ကဆီကိုဂိုးသမား အိုချူအာမှာ ဘရာဇီးလ်တိုက်စစ်မှူး နေမာနှင့် အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားတို့၏ အပိုင်ဂိုးသွင်းမှု နှစ်ကြိမ်ကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး ယင်းပွဲ၏ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။ ဘရာဇီးလ်အသင်းမှာ ဒုတိယပိုင်းတွင် ဘားနက်ဒ်၊ ဂျိုးနှင့် ဝီလီယံတို့ကို ထည့်သွင်းကစားခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ သရေဖြင့်ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။ ဘရာဇီးလ်နှင့် မက္ကဆီကိုအသင်း တို့မှာ နှစ်ပွဲစီကစားအပြီးတွင် လေးမှတ်စီဖြင့် အုပ်စု (A) ကို ဆက်လက်ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။

အုပ်စု (H) အဖွင့်ပွဲစဉ်ဖြစ်သည့် ရုရှား နှင့် တောင်ကိုရီးယားတို့ပွဲတွင်လည်း တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ၆၈ မိနစ် တွင် လီကွမ်ဟို၏ ကန်ချက်ကို အကင်ဖိဗ် ကာကွယ်ရာမှ ဂိုးဝင်သွားသဖြင့် တောင်ကိုရီးယားအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ရုရှား အတွက် ချေပဂိုးကိုမူ ခါဇာကော့ဗ်က ၇၄ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။


News Eleven

မှတ်ချက်များ