ဟန်နီးမွန်းကိုလကမ္ဘာသွားမယ့် သူဌေးတစ်ယောက်၏ စီးပွားရေးအရှုပ်တော်ပုံ
ပြီးခဲ့တဲ့ အပတ်မှာ ခင်ဗျားတို့ မီဒီယာသမားတွေ အုတ်အော်သောင်းနင်း ဖြစ်သွားအောင် ခရိုနီတစ်ယောက် က စကားတစ်ခွန်းပြောခဲ့တယ်။ အမှန်က ဒီခရိုနီအကြောင်းကိုနောင်ပြောပြမယ့် ကွက်ပျောက် ခရိုနီဆိုတဲ့ လူမသိသူမသိ ခရိုနီတွေ အကြောင်းကျမှပြောမလို့ပဲ။ ဒါပေသိ သူကသူ့ထမင်း သူစားပြီး တစ်နိုင်ငံလုံး ရဲ့ မေတ္တာကိုလာလောဆယ် ခံယူထားလေတော့ ဒီတစ်ပတ်တော့ သူ့အကြောင်းပြော ရပေ
တော့မယ်။
ခင်ဗျားတို့ စကားနဲ့ပြောရရင် News maker of the weekပေါ့။ သူတို့ ဇနီးမောင်နှံရဲ့ ဟန်းနီးမွန်း ကို ဒေါ်လာ၁၅သန်း အကုန်ခံပြီး လကမ္ဘာ အပျော်ခရီး ထွက်မယ်ဆိုတဲ့ သတင်းရယ်။ သူကပဲဆက်ပြီး မြန် မာနိုင်ငံက အချမ်းသာဆုံး စာရင်းမှာ သူကနံပါတ်(၇)ဆိုတဲ့ စကားတွေရယ်ပေါ့။ ဒီတော့ ဒီတစ်ပတ်တော့ ခင်ဗျားကို အဲဒီခရိုနီအကြောင်း ပြောပြမယ်။
ဒီလိုဗျ၊ ဒီခရိုနီက ဗဟိုစည်မှာ ရုံးခန်းလေးတစ်ခန်း ဖွင့်ပြီး ရေထွက်ကုန် ရောင်းဝယ်ရေး လုပ်တယ်။ သူများတွေလို ငါးဖမ်းစက်လှေတွေ၊ အအေးခန်းတွေလဲ မရှိရှာပါဘူး။ ဒါပေမယ့် လုပ်ငန်းရှင်ကြီးတွေက ဘာအဖွဲ့ ညာအဖွဲ့ဆို အလုပ်ရှုတ်တယ်ဆိုပြီး မပါချင်ကြတဲ့ အချိန်မှာ သူ့ကိုဝိုင်းတင် ပေးလိုက်ရာ က ရေထွက်ပစ္စည်း ပို့ကုန်အသင်းရဲ့ ဥက္ကဌဖြစ်သွားတယ်။
လုပ်ပိုင်ခွင့်ရတာနဲ့ အဲဒီတုန်းက မွေးရေဘဏ်၊ အခုကမ္ဘာ့ရတနာဘဏ်ကနေ ငွေတွေ ကျပ်သန်းထောင် ချီပြီး ချေးတယ်။ မူဆယ်၁၀၅မိုင်မှာ ရေထွက်ကုန်တွေ အတွက် ကြားစခန်းဆိုပြီး အအေးခန်းတွေ ဆောက် တယ်။ မြန်မာနိုင်ငံက တက်လာတဲ့ ရေထွက်ကုန်မှန်သမျှအဲဒီမှာ မနားမနေရ၊ အဲဒီမှာပဲ မရောင်း မနေရ လုပ်လိုက်တာ အချီကြီး ပွသွားတယ်။ အဲဒီအချိန်က မွေးရေ၀န်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိန်းနဲ့လည်း ညီအစ်ကိုလိုဖြစ်သွားတယ်။
အဲဒီစစ်အာဏာရှင် ခေတ် က ၀န်ကြီးဝန်ကလေးတွေကလည်းလူယုတ်မာတွေ၊ လူလိမ်လူကောက်တွေ ကိုမှ အကောင်းထင်တဲ့ အချိန်ကိုးဗျ။ အဲဒီလို ၁၀၅မိုင်ကြား စခန်းမှာ ထင်တိုင်းကြဲနေတာကို ၀ိုင်းတိုင်ကြ လို့ နောက်နှစ်မှာတော့ သူ့ကိုဥက္ကဌရာထူးက ဖြုတ်လိုက်ပေမယ့် တစ်နှစ်အတွင်းမှာ အချီကြီး ပွသွားတဲ့ သူ့အနေနဲ့ မွေးရေလုပ်ငန်းဆိုတာ သေးသိမ်တယ်လို့ စိတ်ထဲထင်သွားပြီး ခွင်အသစ်ရှာတော့ တယ်။
အဲဒီမှာ မွေးရေ၀န်ကြီးရဲ့ ဆက်သွယ်ပေးမှုနဲ့ ဗိုလ်ချုပ်ကြီး မောင်အေးသမီးနဲ့ ချိတ်ဆက်မိပြီး အိုင်ဗင် ဟို ကုမ္ပဏီက စမ်းသပ် ရှာဖွေတွေ့ရှိထားတဲ့ မိုးထိမိုမိတောင်က ရွှေတွင်းကို လုပ်ခွင့်ရသွားတယ်။ ဒီနေရာမှာ စဉ်းစားရမှာက အဲဒီနေရာဟာ ရွှေအရမ်းထွက်ပါရက်နဲ့ သတ္တုတွင်း ၀န်ကြီးဌာနက ဘာလို့ စက်ရုံမတည် တာလဲ။
ယုတ်စွအဆုံး ဦးပိုင်က ဘာလို့အဲဒီနေရာကို မယူတာလဲဆိုတဲ့ မေးခွန်းက ပေါ်လာ တယ်။ ဘာဖြစ်လို့ တကယ့်ရွှကြောကြီးကို လူမသိသူမသိ စီးပွားရေးသမား လက်ထဲထည့်ခဲ့တာလဲ။ အဖြေကတော့ ရှင်း ရှင်းလေးပါ။ စစ်အာဏာရှင်ခေတ်မှာ ထိပ်ဆုံးက အာဏာရှင် တစ်ယောက်ရဲ့ သမီးနဲ့ ပေါင်းမိတဲ့ အတွက် အားလုံးက လက်ရှောင်ပေးလိုက်ကြတာပဲ။
ဒီတော့အဲဒီခရိုနီက လူကြီးတွေကို သူတို့အရိုးနဲ့ သူတို့ပြန်ထိုးဖို့ လုပ်တယ်။ လူကြီးတွေဆီကို မက်လောက်တဲ့ အတိုးနှုန်းပေးပြီး ငွေလိုက်ချေးတော့တယ်။ ပြီးတော့ သူနဲ့သိတဲ့ စီးပွားရေးသမားတွေ ဆီကလည်း နှစ်ကျပ်တိုး သုံးကျပ်တိုးနဲ့ ချေးတယ်။ ပြောလို့ရရင် ချေးလို့ရတဲ့ နေရာတိုင်းကနေ ချေးတယ်။ လူကြီးတွေလည်း သူတို့ပိုက်ဆံလေး အရင်းမဆုံးဖို့ အတွက် သူ့ကို လုပ်ပိုင်ခွင့်တွေ ပေးရတော့တယ်။
သူရထားတဲ့ အကွက်ဟာ ရွှေဘယ်လောက် ထွက်သလဲတော့ မသိဘူး။ နိုင်ငံတော်ကို တစ်နှစ် ရွှေတန်ချိန် ၅.၅တန် ပေးသွင်းပြီး လုပ်ရတဲ့အကွက် ဖြစ်တယ်။ အောက်ခြေ လုပ်သားတွေရဲ့ အဆိုအရ မြေကြီးတစ်ပုံး ကို ကျင်တိုင်းရွှေ ၇ကျပ်သား ထွက်တယ်ဆိုတဲ့ နေရာလည်း ဖြစ်တယ်။ အဲဒီခရိုနီက အစိုးရကို ရွှေကြွေး ကျန် ဘယ်လောက်ပေးသွင်းဖို့ ကျန်သလဲဆိုတာတော့ ခင်ဗျားတို့ မီဒီယာတွေ ဆက်လက် စုံစမ်းသင့်
သပေါ့ဗျာ။ သူပြောသလို မြန်မာနိုင်ငံမှာ နံပါတ်၇ဆိုတာ ကျွန်တော့် အထင်တော့အချမ်းသာဆုံးကို ပြောတာ မ ဟုတ်ပဲ ကြွေးအထူဆုံး ကြွေးအများဆုံး လူစာရင်းမှာ နံပါတ်၇လို့ ပြောတယ် ထင်တာပဲ။
ဒီခရိုနီက ချေးလို့ရသမျှ နေရာတိုင်းက ချေးတယ်။အကြွေးနဲ့ သူဌေးလုပ်တာပေါ့ဗျာ။
ဒီလိုနဲ့ လက်ထဲလဲ ငွေရှိလာရော ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်မလေးတွေနဲ့တွဲတဲ့ ဇာတ်လမ်း က တစ်ခြား ခရိုနီတွေလိုပဲ စပါလေရော။ ပထမဆုံးက အဆိုတော်မလေး တစ်ယောက်ကို ဖက်ရှင် ဆိုင်ထောင်ပေးတယ်။ ပြီးတော့ အခုတရားဝင် လင်ယူသွားပြီဖြစ်တဲ့ မင်းသမီးလေး တစ်ယောက်နဲ့ တွဲတယ်။ အဲဒီကနေ အခုတော့မော်ဒယ် တစ်ယောက်နဲ့ တရားဝင် အိုးအိမ် ထူထောင် လိုက်တာ ပဲ။ ပြသနာကအဲဒီမှာစရော။ ထင်ပေါ်ချင်တဲ့စိတ်၊ ကြွားချင်တဲ့ စိတ်တွေကများတော့ ဟန်းနီးမွန်း ပျားရည်ဆန်းခရီးကို ဒေါ်လာ၁၅သန်း အကုန်ခံပြီး လကမ္ဘာသွားမယ်တဲ့။
သူတွေးတတ်တဲ့ အတွေးလောက်က ငွေပေးရင် လေယာဉ်စီးသလို အာကာသယာဉ်စီးပြီး ခရီးသွား လို့ရတယ် ထင်နေပုံရတယ်။ မသွားခင် တစ်နှစ်လောက် ကြိုတင်ပြီးအာကာသ ခရီးအတွက် ဆေးစစ် ရမှာတွေ၊ အာကာသထဲမှာ နေနည်းထိုင်နည်း စားသောက်နည်းတွေက အစ အီအီးပါတာ အဆုံး ဘယ်လို လုပ်ရမလဲဆိုတဲ့ သင်ကြားပို့ချမှုတွေ နာခံရမယ်ဆိုတာ သိပုံမပေါ်ဘူး။ ဆိုးတာက နိုင်ငံခြား ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ကြော်ငြာထားတဲ့ အဲဒီခရီးစဉ်က ဖျက်သိမ်းထားတာ ၂နှစ်ရှိပြီ။ အဲဒါလည်း မသိဘူးထင် ပါတယ်။ ကြွားလို့ရရင်ပြီးရော လျှောက်ပြောတာလား။
စတန့်မာ့ကက်တင်းလို့ ခေါ်တဲ့ သူ့ကို တစ်နိုင်ငံလုံးက ချက်ခြင်း သိအောင် လုပ်တာလားတော့ မပြော တတ်ပါဘူးဗျာ။ နောက်ပေါက် ခရိုနီတွေက ငယ်လေလည်လေဗျ။သူ့ရဲ့ မိုးထိမိုးမိ ရွှေတွင်းက အလုပ် သမားတွေရဲ့ ပြဿနာကိုလဲ အာဏာပိုင်တွေနဲ့ ပေါင်းပြီး အလုပ်သမား ခေါင်းဆောင်တွေကို ထောင်သွင်း အကျဉ်းချတဲ့ နည်းနဲ့ ဖြေရှင်းခဲ့တာပဲ မဟုတ်ပါလား။
တကယ်တွေးကြည့်ရင် ဒေါ်လာ ၁၅သန်းဆိုတာ မြန်မာငွေ ကျပ်သန်းပေါင်း တစ်ထောင်စီ ပုံထားတဲ့ အပုံ၁၅ပုံပဲ။ အဲဒီငွေရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံလောက်ကို မလေးရှားမှာ ဒုက္ခရောက်ပြီး ပြည်တော် ပြန် လာချင်တဲ့ သူတွေကို လှူလိုက်ပါလားဗျာ။ တစ်နိုင်ငံလုံးက နတ်လူသာဓု မခေါ်ပေဘူးလား။
သူ့ဟာသူ ဟန်းနီးမွန်း အတွက် ဘယ်လောက် အကုန်အကျခံမယ် ကြွားနေပေမယ့်မွေးရေဘဏ် ကနေ ကျပ်သန်းထောင်ချီပြီး ချေးထားတဲ့ ငွေကိုတော့ ပြန်ဆပ်ဖို့ နေနေသာသာ အတိုးတောင် မပေးနိုင်တာ ကြာပြီလို့ သူ့နံမည်က ဘဏ်မှာ NPLလို့ခေါ်တဲ့Non Performance List ထဲမှာ ပါနေတယ်လို့ သိရတယ်။ အဲဒီတုန်းက အာမခံပြီးထုတ်ချေးဖို့ အမိန့်ပေးခဲ့တဲ့ မွေးရေ၀န်ကြီး၊ အခုကြံခိုင်ရေး ပါတီ အတွင်းရေးမှူး ဦးမောင်မောင်သိန်းလည်း ဒီအချိန်လောက်ဆို ခေါင်းကြီးနေလောက်ပြီ။ ပြောသာပြာရတယ်။ အရင် စစ် အာဏာရှင် အစိုးရက သနားစရာဗျ။ စီးပွားရေးသမားယောင်ဆောင်တဲ့ လူလိမ်တွေ လိမ်သမျှကို အဟုတ် ထင်ပြီး အကုန်လိုက်လုပ်ရင်း နာမည်ပျက်သွားတာ။ အဲဒီအပြင် သူတို့ ကိုယ်ပိုင်ငွေတွေပါ ဟုတ်နိုးနိုးနဲ့ ချေး မိတော့ သူတို့ ငွေပြန်ရအောင် အဲဒီလူကို ကောင်းသထက် ကောင်းတဲ့ အလုပ်တွေ ထပ်ထပ် ချပေးရတော့ တာပေါ့ဗျာ။
အခုအုပ်ချုပ်နေတဲ့ သူတွေ အများစုကလည်း အဲဒီခေတ်လက်ကျန် လူတွေမဟုတ်လား။သူတို့ရဲ့ ကျန်သေး တဲ့ သက်တမ်း တစ်နှစ်အတွင်းမှာ ခင်ဗျားလည်း ၀န်ကြီးဝန်ကလေး တစ်ယောက်ယောက်ကို အယုံသွင်းပြီး လိမ်နိုင်အောင် ကြိုးစားပါလား။ ဒါဆိုခင်ဗျာလည်း ဒီမိုကရေစီ အစိုးရခေတ် ခရိုနီစာရင်းဝင် မသွားပေဘူးလို့ မပြောနိုင်ဘူးဗျဆိုပြီးသူ့စကားကို အဆုံးသတ်သွားပါတော့တယ်။
ဒါပေမယ့် ကိုယ့်အိမ်ကိုယ်ပြန်ဖို့ စားသောက်ဆိုင်က အထမှာ သူက နောက်တစ်ပတ်ကစပြီး မန္တလေး က စခဲ့တဲ့ သမီးတော်တွေရဲ့ ရာဇ၀င်ကို အရှည်ကြီး ပြောပြမယ်။ အရင်အာဏာရှင် သာဂိကြီးရဲ့ သမီးတွေ က ပြည်သူတွေကို သာမက ၀န်ထမ်းတွေနဲ့ စစ်ဗိုလ် စစ်သားတွေကိုပါ ဘယ်လောက်တောင် နှိပ်စက်ခဲ့ကြ သလဲဆိုတဲ့ အတွင်းရေးတွေ အကုန် ပြောပြမယ်ဆိုပြီး စကားလက်ဆောင်ပါး သွားလေရဲ့။
လက်စောင်းထက်
( Tomorrow သတင်းဂျာနယ် အမှတ်(၁၆)ပါ သရော်စာ )

မှတ်ချက်များ