ရွှေတြိဂံဒေသ ဘိန်းစိုက်ပျိုးမှု ၂ ဆတိုး


ရွှေတြိဂံဒေသမှာ ဘိန်းစိုက်ပျိုးမှု ၂ ဆတိုးလာတယ်လို့မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေး နိုင်ငံ တကာအဖွဲ့တခုရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆယ်စုနှစ်နီးပါး ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့ပေမယ့် ၂ ဆ လောက်တိုးလာတဲ့ စိုက်ပျိုးမှုတွေ ဖြစ်ပွားရတဲ့ အကျိုးနဲ့ သက်ရောက်မှုကို ဇွန် ၂ ရက်နေ့က ရန်ကုန်မြို့မှာ နယ်သာလန် အခြေစိုက် Transnational Institute က ထုတ်ပြန်လိုက်တဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

မူးယစ်ဆေးဝါးထိန်းချုပ်ဖို့ ဖိနှိပ်တဲ့ မူဝါဒတွေက အသုံးပြုမှုနဲ့ ထုတ်လုပ်မှုတွေကို လျော့ကျဖို့ မလုပ်ဆောင်နိုင်သလို ပိုမို အန္တရာယ်များတဲ့ အသုံးပြုမှုတွေနဲ့ လူ့အခွင့်အရေး မတော်မတရားမှုတွေကို ပိုဖြစ်စေပြီး ဆင်းရဲမွဲတွေကို ပိုကြီးထွားစေကာ ထောင်နဲ့ချီတဲ့ အသုံးပြုသူတွေကို အပြစ်ပေးမှုကြောင့် အကျဉ်းထောင်တွေမှာ ပြည့်ကြပ်နေတယ်လို့ အစီရင်ခံစာက ရေးပါတယ်။

အကျိုးအမြတ်များတဲ့ တရားမ၀င် မူးယစ်ဆေးဝါး ဈေးကွက်က ပဋိပက္ခတွေကို ပိုကြီးထားစေသလို အကျင့်ပျက်ချစားမှု၊ ရာဇ၀တ်မှု၊ အကြမ်းဖက်မှုနဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်ပေါ်စေဖို့ တွန်းအားတခုဖြစ်တယ်လိုလည်း ဖော်ပြပါတယ်။

၂၀၁၅ ခုနှစ် အာဆီယံ မူးယစ်ဆေးဝါး ကင်းစင်ရေး ဗျူဟာကလည်း မအောင်မြင်သလို လက်တွေမကျတဲ့ အချိန် သတ်မှတ်ချက်လို့လည်း ဝေဖန်ထားပါတယ်။

ဒီအချိန် ကန့်သတ်ချက်ကို အာရုံစိုက် စဉ်းစားမှုက ဖယ်ကျဉ်ခံထားရတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူ၊ စိုက်ပျိုးသူနဲ့ အနည်းငယ် မှောင်ခိုကူးသူတွေကို အဓိက ပစ်မှတ်ဖြစ်စေသလို ပိုဖိနှိပ်တဲ့ မူးယစ်ဆေးဝါး မူဝါဒတွေ ဖြစ် ပွားအောင် ဖြစ်စေတယ်လို့လည်း ရေးပါတယ်။

ဘိန်းကို တားမြစ်တာဟာလည်း တခြားသောဒေသတွေမှာ ပြောင်းလဲ စိုက်ပျိုးတာတွေ ဖြစ်လာသလို ဆင်းရဲမွဲတေမှု မြင့်မားပြီး အစားထိုး သီးနှံစိုက်ပျိုးဖို့ ခက်တဲ့ ရှမ်းပြည်နယ်နဲ့ အိန္ဒိယ အရှေ့မြောက် ပိုင်း ဒေသတွေမှာတော့ အနည်းငယ် သက်ရောက်မှုပဲရှိပါတယ်။

ဘိန်းဖြူ အသုံးပြုမှု မြင့်တက်လာသလို ဖမ်းဆီးဖိနှိပ်မှုတွေက အသုံးပြုသူတွေကို တခြားနည်းလမ်းနဲ့ အသုံးပြုဖို့ တွန်းအားဖြစ်စေသလို တခြားမူးယစ်ဆေးဝါးတွေကို အသုံးပြုစေတယ်လို့ အစီရင်ခံစာ ကရေးပါတယ်။

ဒီဗွီဘီ

မှတ်ချက်များ