ပြည်ပဧည့်များ မြန်မာနိုင်ငံ၏ ဘာသာရေးကို မထီမဲ့မြင်ပြုမှုမျိုးရှိ ပါက သက်ဆိုင်ရာနိုင်ငံသံရုံးများသို့ စာပို့ကန့်ကွက်မည်ဟု သာသနာရေးဝန်ကြီးဌာနမှ သိရသည်။ ယခုလအတွင်း အမေရိ ကန်အခြေစိုက် W magazine ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြ ခဲ့သော ဖက်ရှင်ဓာတ်ပုံများ သည် မြန်မာနိုင်ငံ၏ ဘာသာရေး အထွတ်အမြတ်များကို မထီမဲ့မြင်ပြုသကဲ့သို့ ဖြစ်နေသောကြောင့် အဆိုပါကိစ္စနှင့် ပတ်သက်၍အရေးယူနိုင်ခြင်းရှိမရှိကိုမေးမြန်းရာ ၎င်းကအထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါမဂ္ဂဇင်းမှ ဓာတ်ပုံဆရာ Tim Walker နှင့်ဖက်ရှင်ဒီဇိုင်နာ အဖွဲ့တို့သည် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ကျိုက်ထီးရိုး၊ ပုဂံ စသည်တို့တွင် ဖက်ရှင်ဓာတ်ပုံများ ရိုက်ကူးခဲ့ရာ ဘုရားတွင်ကပ် လှူသော ရွှေသင်္ကန်းကို မျက်နှာနှင့် ခြေထောက်တွင် လိမ်းခြယ်ခြင်း၊ သံဃာတော်များ၏ သင်္ကန်းကို တုပဝတ်ဆင်ကာ ဖက်ရှင်ဓာတ်ပုံများ ရိုက်ကူးခြင်း တို့ကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
”မြန်မာနိုင်ငံသားတွေလုပ်ရင် သာသနာညှိုးနွမ်းစေမူနဲ့ အရေး ယူလို့ရပေမယ့် နိုင်ငံခြားသားကျတော့ အရေးယူဖို့ခက်ပါတယ်။ သူတို့နိုင်ငံသံရုံးကိုပဲ နောက် ဒါမျိုးမလုပ်ဖို့ ကန့်ကွက်လို့ရတယ်”ဟု အထက်ပါဝန် ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ထို့အပြင်မြန်မာနိုင်ငံတွင် ထိုသို့လုပ်ဆောင်မှုများကို အရေးယူရန် ဥပဒေမရှိကြောင်း၊ မပြုလုပ်ရန်တားမြစ်ခြင်းသာ လုပ်နိုင်ကြောင်း အမျိုးသားစာကြည့်တိုက်နှင့် ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောသည်။
”သူတို့ကို do’s and don’ts တွေပေးထားတယ်၊ မလုပ်ပါနဲ့ ပဲပြောလို့ရပါတယ်”ဟု ၎င်းက ပြော သည်။ မြန်မာနိုင်ငံ သို့ ပြည်ပ ဧည့်ဝင်ရောက်မှုများလာသည်နှင့်အမျှ ယဉ်ကျေးမှုနယ်မြေများတွင် မဖွယ်မရာနေထိုင်ခြင်း၊ ဘာသာရေးကို မထီမဲ့မြင်ပြုသော အပြုအမူ များပြုလုပ်ခြင်းတို့ ဖြစ်ပွားလျက်ရှိသည်။ ထိုကဲ့သို့ဖြစ်ရပ်များများပြားလာပါက အရေးယူနိုင်ရန် ဥပဒေထုတ် ရေးကိစ္စများဆောင်ရွက်ရ မည်ဟု သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။
Nature Dream ခရီးသွားလုပ်ငန်းမှ ဒေါ်စံပယ်အောင်က ဘာသာရေးပဋိပက္ခဖြစ်ပွားနေသော နိုင်ငံတစ်ခု တွင် ပြည်ပဧည့်များက ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် အခြေ အနေကိုပိုဆိုးစေကြောင်း မှတ်ချက်ပြုသည်။ ”မြောက်ဦးလိုနေရာမျိုးမှာ ဒီလိုပုံတွေ ရိုက်သွားရင် ဒါပြဿနာပိုကြီးနိုင်တယ်”ဟု ၎င်းကဆိုသည်။ ပြဿနာဖြေ ရှင်းရေးအတွက် အဓိ ကကျသော ဝန်ကြီးဌာနများလည်းအားကောင်းရန်လိုပြီး ထိုသို့ဖြစ်ရပ်များကို အချိန်မနှောင်းခင်ဖြေရှင်းရမည်ဟု ၎င်းက ပြောသည်။ ယခင်က လည်း ပြည် ပဧည့် အချို့သည် ပုဂံဘုရား များတွင် ညအိပ်ခြင်း၊ ဘုရားပေါ်တွင် ဖိနပ်စီးခြင်းတို့ ပြုလုပ်သောကြောင့် ဒေသခံ ပြည်သူများကဝင် ရောက် ကန့် ကွက် ရသည့်ဖြစ်ရပ်များလည်း ဖြစ်ပွားခဲ့ဖူးသည်။
မေဇင်ဝင်း
Popular Myanmar News Journal

မှတ်ချက်များ