မဟာသန္တိသုခကျောင်းတိုက်ကို သံဃနာယကအဖွဲ့ဝင်စီး


နိုင်ငံတော်သံဃနာယကအဖွဲ့နှင့် ပီနန်ဆရာတော်တို့အကြား ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ဇွန်လ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်က ရန်ကုန်တိုင်းသံဃမဟာနာယကအဖွဲ့အပါအဝင် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း ခဲ့ကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် The Voice သတင်းထောက်က သတင်းပေးပို့သည်။

လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃၀၀ ဝန်းကျင်က ကျောင်းဝင်း၏အပြင်ဘက်တွင် လုံခြုံရေးယူပေး ထားပြီး သံဃမဟာနာယကအဖွဲ့ကစေလွှတ်သည့် သံဃာဟုယူဆရသူ ၂၀၀ခန့်က ကျောင်းတိုက်အတွင်းရှိပစ္စည်း များကိုဝင်ရောက်သိမ်းယူကာ ကျောင်းတိုက်နေသံဃာတော်များကို ကျောင်းတိုက်မှထွက်ခွာသွားရန် စေခိုင်းခဲ့သည်ဟု အဆိုပါကျောင်းတိုက် ၏ ယာယီကျောင်းထိုင်ဆရာတော်က မိန့်ကြားကြောင်း ၄င်းက ဆိုသည်။

“ရဲကား ၁၀ စီးကျော်တွေ့တယ်၊ မီးသတ်ကားကတစ်စီး၊ ကျောင်းဝင်းအပြင်ဘက်မှာ သံဆူးကြိုးတွေ ချထားတယ်၊ ဘယ်သူမှ အထဲထိဝင်လို့မရဘူး၊ လမ်းအဝင်တွေမှာလည်း ရဲကားတွေစောင့်နေတယ်” ဟု ၄င်းက ဇွန်လ ၁၀ ရက်နေ့ ည ၁၂ နာရီဝန်းကျင်က သတင်းပေးပို့သည်။

အဆိုပါကျောင်းတိုက်၏မူလကျောင်းထိုင်ဆရာတော် ပီနန်ဆရာတော် ဦးပညာဝံသ ဂျပန်နိုင်ငံသို့ခရီး ထွက်နေစဉ် ယခုဖြစ်စဉ်ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါကျောင်းတိုက်ကို တရားဥပဒေအရဖြေရှင်းရန်အတွက် ချိတ်ပိတ်ထားမည်ဟုဆိုကာ တိုင်းသံဃ နာယကအဖွဲ့က ဖယ်ရှားခိုင်းခြင်းဖြစ်ပြီး သာသနာရေးဦးစီးဌာနမှ တိုင်း သာသနာရေးမှူးလည်း ပါဝင်ကြောင်း ဦးဥတ္တရ၏ မိန့်ကြားချက်အရ ၄င်းက ဆက်လက်ပြောကြား သည်။

အဆိုပါကျောင်းတိုက်ကိုချိတ်ပိတ်ပြီးနောက်တွင် ကျောင်းတွင်းသီတင်းသုံးနေထိုင်နေသော သံဃာတော်များ ကို ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ကမ္ဘာအေးကုန်းမြေသို့ အတင်းအကျပ်ပင့်ဆောင်သွားခဲ့ကြောင်း သတင်းရရှိပါသသည်။


The Voice

မှတ်ချက်များ