လတ်တလောကမ္ဘာ့ရွှေဈေးကွက်တွင် ဈေးကျနေသဖြင့် ရွှေ ဝယ်စုသူများ ယခုနှစ်အတွင်း ဝယ်ယူစုဆောင်းခြင်းမပြု သင့်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။
ပြီးခဲ့သည့် မတ်လလယ်မှ စကာ ကမ္ဘာ့ရွှေဈေးကျနေ သည့်အတွက် ၂၀၁၃ ဒီဇင်ဘာ ၃၁ ရက်တွင်ဖြစ်ခဲ့သော တစ်အောင်စလျှင် ၁,၁၈၄ ဒေါ်လာအထိ ရောက် ရှိသွားနိုင်ကြောင်း စီးပွားရေးခန့်မှန်းချက်များတွင်လည်း ရေး သားဖော်ပြထားသည်။
‘‘လောလောဆယ်မှာ ကမ္ဘာ့ဈေးက အကျပိုင်းထဲမှာပဲဖြစ်နေတော့ မြန်မာ့ ရွှေဈေးကလည်း အကျဘက်ဖြစ်နေတာပေါ့။ ဈေးတွေကတော့ အကျဘက်မှာပဲ ဦးတည်နေလို့ ဆက်ကျနိုင်သေးတယ်’’ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဦးဝင်းမြင့်က ပြောသည်။
ထို့ကြောင့် ပြီးခဲ့သည့် နှစ်ကုန်ကတည်းက ဈေးအကျရောက် ရှိ၍ ဝယ်ယူစုဆောင်းထားသူများ အရှုံးဖြင့်သာ ရင်ဆိုင်နေကြရသည်။
ရွှေဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေချိန်တွင်ဝယ်ယူသူများမရှိဘဲ ပြန်ထုတ်သူများသော ဈေးကွက် တစ်ခုအဖြစ်ရှိနေကြောင်း အပိုင်းဈေးကွက်မှ ကုန်သည်များကဆိုသည်။
ကမ္ဘာ့ ရွှေဈေးနှုန်း တစ်အောင်စလျှင် ၁,၂၅၀ ဒေါ်လာ အောက်ကျဆင်းပါက ဝယ်ယူရန်မသင့်ဟု ဈေး ကွက်ကျွမ်းကျင်သူများက ဆိုထားချိန်တွင် တစ်အောင်စလျှင် ၁,၂၄၄ ဒေါ်လာထိ ဈေးနှုန်းများကျဆင်း သွားပြီဖြစ်သည်။
ကမ္ဘာ့ဈေးပေါ်တွင် မူတည်၍ ဈေးနှုန်းပြောင်းလဲမှုဖြစ်နေသော ပြည်တွင်းရွှေဈေးနှုန်းများမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၄၇,၀၀၀ ကျပ်အထိ ဈေးနှုန်းများ ကျဆင်းနေပြီဖြစ်သည်။
ရွှေဆိုင်များတွင်လည်း အပိုင်းနှင့် ဖျက်စဈေးကွက်တို့တွင် ဝယ်လိုအားများ ကျဆင်းနေပြီး အထည်ဈေး ကွက်များတွင်သာ ဝယ်လိုအားကောင်းနေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များက ဆို သည်။
သိမ့်သိမ့်စိုး | 7day daily

မှတ်ချက်များ