နိုင်ငံတကာအလှမယ်ဆုတခုဖြစ်တဲ့ အာရှပစိဖိတ်အလှမယ်ဆု ၂၀၁၄ ကို မြန်မာအလှမယ် မေမြတ်နိုးက ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့ ပါတယ်။ နိုင်ငံပေါင်း လေးဆယ်ကျော်က အလှမယ်တွေနဲ့ ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး သရဖူကို ရယူနိုင်ခဲ့တာပါ။
အလှမယ်ပြိုင်ပွဲကျင်းပရာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိနေတဲ့ အလှမယ် မေမြတ်နိုးကို ဆက်သွယ်မေးမြန်းတဲ့အခါ ဒီဆုကိုရရှိတဲ့အ တွက် မြန်မာနိုင်ငံအတွက် တခုခု လုပ်ပေးလိုက်ရတယ်လို့ ခံစားရပြီး အထူးဝမ်းသာဂုဏ်ယူမိတယ်လို့ ပြောပါတယ်။
အသက် ၁၈ နှစ်သာ ရှိသေးတဲ့ မေမြတ်နိုးဟာ Asia Pacific World 2014 ပြိုင်ပွဲမှာ ပေါ်ပြူလာ အဖြစ်ဆုံးဆုကိုလည်း ဆွတ်ခူးထားပါသေး တယ်။ မေမြတ်နိုးကို ဆက်သွယ် မေးမြန်းထားပါတယ်။
မေး - Miss Asia Pacific ရရှိသွားတဲ့အတွက် မေမြတ်နိုးရဲ့ ခံစားချက်လေး ပြောပြပေးပါ။
ဖြေ - “အရမ်းဂုဏ်ယူဝမ်းသာမိပါတယ်။ ညီမနိုင်ငံအတွက် တခုခုလုပ်ပေးခွင့်ရလို့ အရမ်းဂုဏ်ယူ ပါတယ်။”
မေး - ဆုရရှိအောင် ဘယ်လိုကြိုးစားခဲ့လဲ။
ဖြေ - “မြတ်နိုးကို ထောက်ပံ့ကူညီပေးတဲ့ သူတွေ၊ ဆရာတွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ အားထုတ်မှုကြောင့်လည်း ပါဝင်သလို မြတ်နိုးရဲ့ ကြိုးစားမှုလည်း ပါဝင်ပါတယ်။”
မေး - ၀င်ပြိုင်တုန်းက ဘယ်လိုမျှော်လင့်ချက်နဲ့ ၀င်ပြိုင်ခဲ့လဲ။ ဆုရမယ်လို့ မျှော်မှန်းလား။
ဖြေ - “၀င်ပြိုင်တုန်းက ကိုယ့်ကိုယ်ကိုယ် လိုအပ်ချက်တွေ ရှိတယ်လို့ သိပါတယ်။ ဒါပေမယ့် ပြိုင်ပွဲတောက်လျှောက်မှာ မြတ်နိုး ၁၀၀ ရာခိုင်နှုန်း အကောင်းဆုံး လုပ်ပြီး ယှဉ်ပြိုင်ခဲ့လို့ မြတ်နိုးနဲ့ ထိုက်တန်တဲ့ဆု မြတ်နိုးရတယ်လို့ ယုံကြည်ပါတယ်။”
မေး - Miss Asia Pacific ဆုရရှိပြီဆိုတော့ ရှေ့ဆက်ပြီး အနာဂတ် ဘာလုပ်ဖို့ စီစဉ်ထားလဲ။
ဖြေ - “စီစဉ်ထားတာတွေတော့ ရှိပါတယ်။ ကျန်တဲ့ဟာတွေကတော့ မြန်မာပြည်ရောက်မှပဲ သေသေချာချာ လုပ်ပါတယ်။”
မေး - အခု ကိုရီးယားရုပ်ရှင်မှာ ရိုက်ဖို့အတွက် လုပ်ပေးနေတယ်လို့ ကြားပါတယ်။
ဖြေ - “ဟုတ်ကဲ့ အခုလေးတင် ရထားပါတယ်။ အဲဒါကို ဓာတ်ပုံ ဖေ့ဘွတ်ရှ်မှာ တင်ပေးပါ့မယ်။”
မေး - မေမြတ်နိုးအနေနဲ့ လူမှုကူညီရေး အဖွဲ့တွေမှာလည်း ၀င်ရောက်ဖို့ ရှိပါလား။
ဖြေ - “ပရဟိတကို ကျောင်းစာသင်ရင်းနဲ့ လုပ်သွားပါမယ်။”
မေး - ဆုရတဲ့အတွက် မြန်မာပြည်သူတွေကို ဘာပြောချင်လဲ။
ဖြေ - “မြတ်နိုးကို အားပေးနေတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အားပေးတဲ့ ပရိသတ်တွေကြောင့် မြတ်နိုးအားရှိပြီး အကောင်းဆုံးလုပ်နိုင်တာလည်း ပါပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောချင်ပါတယ်။ ဆက်လက်ပြီးလည်း အားပေးကြပါလို့။”
မေး - ဆုကြေးအနေနဲ့ရော ဘာရလဲ ပြောပြပေးပါ။
ဖြေ - “ဆုကြေးအနေနဲ့ အခွင့်အရေးတွေ အများကြီး ရပါတယ်။ သရဖူကလည်း တော်တော်တန်ဖိုးရှိတဲ့ သရဖူ ရထားပါတယ်။”
မေး - မြန်မာပြည် ဘယ်တော့ ပြန်လာမှာလဲ။
ဖြေ - “ဟုတ်ကဲ့၊ မြတ်နိုး ၅ ရက်နေ့ပြန်လာပါမယ်။”
မေး - အမှတ်တရ စကားအနေနဲ့ ဘာများပြောချင်တာ ရှိဦးမလဲ။
ဖြေ - “မြန်မာပြည်အတွက်ဂုဏ်ကို ပြန်ရင်ယူလာခဲ့ပါ့မယ်လို့ ပြောချင်ပါတယ်။”
မေး - အနုပညာလောကမှာရော ၀င်ရောက် လုပ်ကိုင်ဖို့ရှိလား။
ဖြေ - “အနုပညာလောကမှာ ၀င်ရောက်ဖို့ ရှိပါတယ်။ သီချင်းဆိုတဲ့အပိုင်းရော၊ ရုပ်ရှင်ရိုက်တဲ့အ ပိုင်းရော၊ မော်ဒယ်ပိုင်းရော အကုန်လုံး လုပ်ဖို့ စီစဉ်ထားပါတယ်။”
မေး - ညီမ လူမျိုးအနေနဲ့ ပြောပြပေးပါလား။
ဖြေ - “ဟုတ်ကဲ့ ဗမာလူမျိုးပါရှင့်။”
ေ
နော်နိုရင်း (ဒီဗွီဘီ)

မှတ်ချက်များ