GMA လေကြောင်း ပြည်တွင်းခရီးစဉ်တိုးချဲ့ဖို့ လေယာဉ်သစ်ရောက်လာ



ပြင်သစ်နိုင်ငံထုတ် ATR 72-600 လေယာဉ်သစ်နဲ့ GMA လေကြောင်းလိုင်းက ပြည်တွင်းခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲဖို့ ပြင်ဆင်နေပါပြီ။ လေယာဉ်သစ်ဟာ ရန်ကုန်လေဆိပ်ကို ဇွန် ၁၆ရက်နေ့ညနေမှာ ရောက်ခဲ့ပြီး စင်လုံးငှားဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။

GMA လို့ခေါ်တဲ့ ရွှေမြန်မာလေကြောင်းဟာ မန္တလေး-နေပြည်တော်-ထားဝယ်-မြိတ်-ကော့သောင်းခရီးစဉ်တွေကို လာမယ့် ဇူလိုင်လလယ်မှာ စတင်တိုးချဲ့ပြေးဆွဲသွားမှာဖြစ်ပြီး စင်လုံးငှားအဖြစ် မန္တလေးကနေ အင်ဖာ၊ ချင်းမိုင်နဲ့ ကူမင်းမြို့တွေကို ပြေးဆွဲမှာမို့ ငှားမယ့်လူပေါ်မူတည်ပြီး တစ်လ ၃ကြိမ် ဆွဲနိုင်တယ်လို့ ပြောပါတယ်။

GMA လေကြောင်းအနေနဲ့ လေကြောင်းခရီးစဉ်တွေအတွက် ဝန်ဆောင်မှုပေးရုံမက လေကြောင်းလိုင်းနဲ့ ဆက်စပ်နေတဲ့ အခြားလုပ်ငန်းတွေ တိုးချဲ့ဖို့ စီစဉ်ထားပြီး ပြည်တွင်းလေဆိပ်လုပ်ငန်းအတွက် အစိုးရကို တင်ပြထားတယ်လို့ ပြောပါတယ်။

အထက်မြန်မာပြည်က ခရီးသွားတွေအတွက် လွယ်ကူချောမွေ့ဖို့ရည်ရွယ်ပြီး ခရီးစဉ်တွေ တိုးချဲ့တာဖြစ်သလို လေယာဉ်ဟာ မိုဒယ်အသစ်ဖြစ်တာမို့ ရာသီဥတုနဲ့ သတင်းအချက်အလက်ပိုင်း ပိုပြီးစိတ်ချ သွားလာနိုင်တယ်လို့ ဆိုပါတယ်။

ဈေးနှုန်းချိုချိုနဲ့ ဝန်ဆောင်မှုပေးနေတဲ့ GMA ဟာ ခရီးသွားရာသီ ကုန်သွားသွားတာမို့ ဘန်ကောက်ကိုပြေးဆွဲတဲ့ ခရီးစဉ်တွေကို မေလဆန်းကစပြီး ရပ်နားထားပါတယ်။


kamayutmedia

မှတ်ချက်များ