ဘောလုံးပွဲကို ပိတ်ကားနဲ့ကြည့်ချင်ရင် ပြင်သစ်ယဉ်ကျေးမှုဌာနကိုသွား





၂ဝ၁၄ ကမ္ဘာ့ဖလားမှာ ဂျာမနီရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ဂျာမနီ-ပေါ်တူဂီပွဲစဉ်ကစပြီး ည ၁ဝနာရီခွဲမှာ ယှဉ်ပြိင်မယ့် ပြင်သစ်၊ ဂျာမနီ။ ဆွတ်ဇာလန်နဲ့ ဘယ်လ်ဂျီယံပွဲစဉ်တွေကို ပြင်သစ်ယဉ်ကျေးမှုဌာနမှာ Projector နဲ့ ပြသနေပါတယ်။ ဘောလုံးပွဲကို သူငယ်ချင်းတွေနဲ့ စုပြီး ကြည့်ချင်သူတွေ သွားလို့ရလား။

လေးနိုင်ငံ ပွဲစဉ်တွေပဲ ပြမယ်ဆိုပေမယ့် ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ဖွင့်ထားတဲ့ La Tartine ပြင်သစ် မုန့်ဆိုင်မှာ သူငယ်ချင်းအပေါင်းဖော် ၁၅အထက်က တောင်းဆိုလာရင်တော့ ကြည့်ချင်တဲ့ပွဲစဉ်တွေကို ပြသသွားမှာဖြစ်တယ်လို့ ဥရုဂွေးနိုင်ငံသူ ဆိုင်မန်နေဂျာက ပြောပါတယ်။

ပြင်သစ်သံရုံးနဲ့ Goethe- Institute တို့ ပူးပေါင်းပြီးပြုလုပ်တဲ့ ဒီ ကမ္ဘာ့ဖလား ဘောလုံးပွဲပြတဲ့ အစီအစဉ်ကို ဇွန် ၁၇ရက်နေ့က ဂျာမနီနိုင်ငံသားတွေအပါအဝင် ဂျာမန်စကားပြော သင်ယူနေတဲ့ မြန်မာလူငယ်တွေလည်း လာရောက် အားပေးခဲ့ကြပါတယ်။

ကမ္ဘာ့ဖလားပွဲလို ပွဲစဉ်မျိုးမှာ ကိုယ့်မိခင်နိုင်ငံအသင်းကို အားပေးချင်ပေမယ့် လက်တွေ့မှာတော့ နီးစပ်ရာ နိုင်ငံအသင်းတွေကို အားပေးနေရတယ်လို့ ပြောလာသူက ကိုကြည်သာဖြိုးပါ။ သူက ဒီလို လူမှုရေးတွေ့ ဆုံမှုတွေ များများလုပ်ရင် လူငယ်တွေ မျက်စိပွင့်လာမယ်လို့ ဆိုပါတယ်။

ဂျာမနီက ပေါ်တူဂီကို ၄ဂိုးအပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် ဂျာမနီနိုင်ငံသား ပရိသတ်တွေ အားပေးရကျိုးနပ် ခဲ့တဲ့ ညလည်းဖြစ်ပါတယ်။


kamayutmedia

မှတ်ချက်များ