Hunger Games ဇာတ်ကားမှ အာဏာဖီဆန်သည့် သင်္ကေတ ထိုင်းတွင် ခေတ်စား
ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဘန်ကောက်ရှိ အာဏာဖီဆန်သော ဆန္ဒပြသူများကို ဖြိုခွင်းမှုများ ပြုလုပ်လျှက် ရှိသည်။
ထိုင်းနိုင်ငံတွင် စစ်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြသူများက Hunger Games ရုပ်ရှင်ဇာတ်ကားများမှ အာဏာဖီဆန်မှု သင်္ကေတကို ၎င်းတို့၏ အထိမ်းအမှတ် တစ်ရပ်အဖြစ် အသုံးပြုလာကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဘန်ကောက်ရှိ အာဏာဖီဆန်သော ဆန္ဒပြသူများကို ဖြိုခွင်းမှုများ ပြုလုပ်လျှက် ရှိသည်။ စစ်တပ်ကို ဆန့်ကျင်သည့် ထိုင်းနိုင်ငံရေး အင်အားစုများက အာဏာသိမ်း စစ်အစိုးရ၏ ဆန္ဒပြမှုအားလုံး ပိတ်ပင်မိန့်ကို ဖီဆန်ပြီး ဆန္ဒပြမှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ် သည်။ ထိုအခြေအနေတွင် စစ်အစိုးရ ဆန့်ကျင်သူများက လက်ချောင်းသုံးချောင်းကို မြှောက်ပြပြီးအလေးပြု သည့် ပုံစံကို အာဏာဖီဆန်မှု သင်္ကေတအဖြစ် အလေးအနက် သုံးစွဲလာခဲ့ကြသည်။
ဟောလီးဝုဒ် မင်းသမီး ဂျနီဖာလောရင့်စ် ဦးဆောင်ပါဝင်သည့် Hunger Games ဇာတ်ကားများတွင် အဆိုပါ လက်အမူအယာသည် အာဏာရှင်ကို ဆန့်ကျင်သည့် နိမိတ်အဓိပ္ပါယ်အဖြစ် ဖော်ညွှန်းထားခဲ့သည်။ “လက်ချောင်း(၃)ချောင်းကို ပြသတာဟာ နိုင်ငံတစ်နိုင်ငံမှာ အလွန်အကျွံ အင်အားသုံး အုပ်စိုးနေမှုကို လူအများက ဆန့်ကျင်တဲ့ လက္ခဏာပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ ဆိုရင်တော့ ဗိုလ်ချုပ်ကြီး ပရာယွတ်သ် ချန်အိုချာပေါ့”ဟု ထိုင်းအစိုးရက ဖမ်းဆီးရန် ကြိုးပမ်းနေသည့် နိုင်ငံရေးသမား ဆွမ်ဘတ် ဘွန်ဂမ်မာနွန်က Facebookတွင် ရေးသားခဲ့သည်။
မေလ(၂၂)ရက်နေ့ စစ်တပ်အာဏာသိမ်းမှု အပြီးတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်ထရာ၏ သမီးငယ် အပါအဝင် ထိုင်းနိုင်ငံရေး လှုပ်ရှားသူ အများအပြားကလည်း လက်ချောင်း(၃)ချောင်း ပြသနေ သည့် ဓာတ်ပုံများကို Facebookတွင် လွှင့်တင်ခဲ့ကြသည်။ ထိုင်းနိုင်ငံမှ Twitter အသုံးပြုသူ တစ်ဦးက “ချစ်ခင်ရပါတဲ့ Hunger Games ဇာတ်ကားတွေရေ။ မင်းတို့ရဲ့ သင်္ကေတကို ငါတို့ကိုယ်ပိုင်အဖြစ် အသုံးပြုလိုက်ပါပြီ။ စိတ်ကူးယဉ် မဆန်တဲ့ တကယ့်ရုန်းကန်မှုအတွက်ပါ”ဟု ရေးသားထားကြောင်းလည်း သိရှိရသည်။
Planet

မှတ်ချက်များ