Lasagna ဆိုတာ အီတလီစကားနဲ့ ခေါက်ဆွဲပြားလို့ အဓိပ္ပာယ်ရပါတယ်။ အီတလီလူမျိုးတွေဟာ ခေါက်ဆွဲအပိုင်းအစတွေနဲ့ အသားဖတ်တွေကိုရောပြီး ခရမ်းချဉ်သီး Sauce နဲ့ ရောမွှေချက်ပြုတ်လေ့ ရှိပါတယ်။ အခုခေတ်မှာတော့ Lasagna ခေါက်ဆွဲပြားကြီးတွေ၊ အမဲသား၊ ခရမ်းချဉ်သီး Sauce နဲ့ Cheese တွေနဲ့ရောနှောပြီး ဖုတ်တဲ့ ဟင်းလျာအဖြစ်ကို ပြောင်းလာခဲ့ပါတယ်။
Lasagna ဟင်းလျာကို ရန်ကုန်မြို့ Mojo Bar က Executive Chef ကိုတင်မြင့်ရဲ့ တပည့် ကိုရန်ရန်ကိုယ်တိုင် ကမာရွတ်ပရိသတ်အတွက် လက်စွမ်းပြ ချက်ပြုတ်ပေးသွားမှာပါ။ Lasagna လုပ်ဖို့ အဓိက လိုအပ်တာက ဂျုံခေါက်ဆွဲပြား၊ ခရမ်းချဉ်သီး Sauce၊ Bologmase Sauce, Bachemal Sauce, Mozzarella Cheese နဲ့ Oregano ကို ပြင်ဆင်ထားရပါတယ်။
ခရမ်းချဉ်သီး Sauce ကတော့ စူပါမားကတ်တွေမှာ ဝယ်နိုင်ပါတယ်။ ဒီ Sauce ရမှ Bologmese Sauce ကို လုပ်ရမှာပါ။ ပထမဆုံး အမဲသားကို စက်နဲ့ကြိတ်ပြီး ထောပတ်နဲ့ကြက်သွန်ဖြူကို ဆီသတ်ရမယ်။ အမဲသားကို အကုန်ချက်ပြီး ခရမ်းချဉ်သီး Sauce ကို ဆား၊ ငရုတ်ကောင်းတွေထည့်ပြီး ရောချက်ပါ။ ဒါဆို Bologmese Sauce ပြီးပါပြီ။
ဆားထည့်တဲ့အခါ Cheese မှာပါတဲ့အငံဓာတ်ကို ထည့်စဉ်းစားပါဦး။ Bachemal Sauce လုပ်ဖို့ ထောပတ်၊ နို့၊ ကြက်သွန်နီ၊ ဂျုံ လိုအပ်ပါတယ်။ ဥရောပအစားအစာချက်ရင် Bachemal Sauce ရဲ့အသုံးဝင်ပုံက သိပ်ကျယ်ပြန့်ပါတယ်။ ထောပတ်ကို မီးအသင့်အတင့်နဲ့ ပျော်အောင်လုပ်ပြီး ကြက်သွန်နီကို ဆီသတ်ပါ။ ဂျုံကို အညိုရောင်သန်းတဲ့အထိ ရောမွှေပေးပြီး နို့ကိုထည့်လိုက် မွှေပေးလိုက်နဲ့ လိုချင်တဲ့ အပျစ်အကျဲရရင် ပြီးပါပြီ။
ပစ္စည်းတွေစုံရင်တော့ Lasagna လုပ်ဖို့ ဗန်းကိုဆီနဲ့သုတ်ပြီး ခေါက်ဆွဲကိုခင်းပါ။ ခေါက်ဆွဲပေါ်မှာ Bologmese Sauce ကိုခင်းပါ။ နောက် ခေါက်ဆွဲတစ်ထပ်ပြန်ခင်း Sauce တစ်ထပ်ခင်းနဲ့ ၆ဆင့် ၇ဆင့်လောက်ဆိုရပါပြီ။ အပေါ်ဆုံးအထပ်က ခေါက်ဆွဲဖြစ်ရမှာမို့ အဲဒီအပေါ်မှာ ခရမ်းချဉ်သီး Sauce ကိုသုတ်ပြီးရင် Mozzarella Cheese အတုံးနဲ့အမျှင်တွေတင်လိုက်ပါ။
အီတလီ အမွေးအကြိုင်ဖြစ်တဲ့ Oregano အမှုန့်ကို ဖြူးလိုက်ပြီး အပေါ်အောက် အပူချိန် ၂၂ဝနဲ့ ၁၅မိနစ်လောက် ဖုတ်လိုက်ပါ။ ဒါဆိုရင် လတ်ဆတ်တဲ့ အသီးအရွက်လေးနဲ့ တွဲဖက်စားဖို့ Lasagna ဟင်းလျာ ရပြီပေါ့။
kamayutmedia

မှတ်ချက်များ