Miss Universe Myanmar ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပိုးအိဖြူစင်


၂၀၁၃ခုနှစ်က ကျင်းပခဲ့တဲ့ Miss Universe Myanmar ပြိုင်ပွဲဝင် တစ်ဦးဖြစ်သော ပိုးအိဖြူစင်တစ်ယောက် ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခါနီးတုန်းက နုတ်ထွက်သွားခဲ့သူပါ။ သူမဟာ ယခုနှစ်ကျင်းပမယ့် Miss Universe Myanmar ပြိုင်ပွဲကို ထပ်မံယှဉ်ပြိုင်မှာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ “ညီမဒီနှစ်ရဲ့ Miss Universe Myanmar ပြိုင်ပွဲယှဉ်ပြိုင်ဖို့အတွက် ညီမအနေနဲ့ လက်ရှိမှာ Talent ပိုင်း၊ english speaking တွေကိုပြန်ပြီး အဓိကထား လေ့လာနေပါတယ်။

အရင်ပြိုင်ပွဲ အတွေ့အကြုံတွေ ရှိပြီးသား ဖြစ်တဲ့အတွက် ထွေထွေထူးထူး ပြင်ဆင်စရာတော့ မလိုပါဘူး။ မနှစ်က ပြိုင်ခဲ့တုန်းက ညီမပြိုင်ပွဲ နောက်ဆုံးအချိန်နီးမှ ထွက်လိုက်ရတာကတော့ ကုမ္ပဏီတစ်ခုက သရုပ်ဆောင်သစ်ရွေးပွဲ ရှိတဲ့အတွက် ဝင်အရွေးခံနေလို့ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီ့တုန်းကလည်း သရုပ်ဆောင်အလုပ်ကို အဓိကထားဆောင်ရွက် ချင်တာကတစ်ကြောင်း၊ တစ်ခြားသင်တန်းတွေ တက်စရာလည်း ရှိတာက တစ်ကြောင်းကြောင့် ဆက်မယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။

ညီမရဲ့ အသက်ကလည်း ငယ်သေးတဲ့အတွက် အသက်ငယ်တုန်း ပြန်ပြိုင်မယ်ဆိုပြီး စီစဉ်လိုက်တာပါ။ ညီမကတော့ ဘယ်လိုကောလဟာလနဲ့ပဲကြုံကြုံ၊ ပြိုင်ပွဲတစ်ခုမှာ ဘယ်သူက ရမယ်ဆိုပြီး ပြောတာတွေ ကိုလည်း ဂရုမစိုက်ဘူး။ ယှဉ်ပြိုင်မှုသာ အဓိကလို့ ယူဆပါတယ်။ ဆုရရ၊ မရရ အကောင်းဆုံးယှဉ်ပြိုင်သွား ပါမှာပါ”လို့ ဆိုပါတယ်။

သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေကို သူမက “ညီမ လတ်တလောမှာတော့ ဗီစီဒီရိုက်ဖြစ် တယ်။ ဖက်ရှင်ရှိုးတွေ လျှောက်ဖြစ်တယ်။ ပြီးတော့ 5-Plus ကရိုက်ကူးတဲ့ ကမ္ဘာတည်သရွေ့ သာမည့်လ ဒီဗီဒီဇာတ်ကားမှာလည်း သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဗီဒီယိုဇာတ်ကားတွေရိုက်ဖို့ ကမ်းလှမ်း ထားတာတွေ ရှိပါတယ်”တဲ့။

စန္ဒီ | Trend Myanmar

မှတ်ချက်များ