Ooredoo မှ ဆင်းမ်ကတ်များ ချထားပေးရန် ယခင်ကတိပေးထားခဲ့သည့် ကာလအတွင်း ရရှိနိုင်တော့မည်မဟုတ်

Ooredoo Myanmar သည် အော်ပရေတာလိုင်စင် ရရှိစဉ်က ခြောက်လအတွင်း ပြည်သူလူထုကို မိုဘိုင်း ဆင်းမ်ကတ် ရောင်းချပေးမည်ဟု ကတိပေးခဲ့သော်လည်း ယခုအခါ ပေးအပ်ထားသည့် ကတိအတိုင်း ခြောက်လ အတွင်း မိုဘိုင်းဖုန်းလိုင်းများ ချထားပေးနိုင်တော့မည် မဟုတ်ဟု သိရသည်။

Ooredoo သည် မြန်မာအစိုးရထံမှာ ဆက်သွယ်ရေးအော် ပရေတာလိုင်စင်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့၌ စတင်ရရှိခဲ့ခြင်းဖြစ်သည်။ လိုင်စင်စတင်ရရှိစဉ် က Ooredoo သည် အစိုးရ အဆင့်မြင့်အရာရှိကြီးများရှေ့၌ ပြည်သူလူထုကို ၆ လအတွင်း မိုဘိုင်းဆင်းမ် ကတ်များ ချထားပေးမည်ဟု ကတိပေးပြောကြားခဲ့သည်။

မတ်လ ၂၅ ရက်နေ့၌ Ooredoo သည် အထူးသတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်း လင်းပွဲ၌ ၎င်းတို့၏ ဆင်းမ်ကတ်များကို ၂၀၁၄ ခုနှစ်၏ တတိယလေးလပတ်အတွင်းမှ ချထားပေးနိုင်တော့ မည်ဟု သတင်းထောက်များကို အသိပေးပြောကြားခဲ့သည်။ ထို့အပြင် ဈေးနှုန်းအနေဖြင့် ၁၅၀၀ ကျပ်အောက်ဖြစ်ရမည်ဟု ကတိပေးပြောကြားထားသည့် Ooredoo သည် ၎င်းတို့၏ ဆင်းမ်ကတ်များကို ၁၅၀၀ ကျပ်ဖြင့် ရောင်းချမည်ဟု တရားဝင် ကြေညာခဲ့သည်။

လိုင်စင်ရရှိစဉ်က ခြောက်လအတွင်း မိုဘိုင်းဆင်းမ်ကတ်ချထားပေးမည်ဟု ကတိပေးခဲ့သည့် Ooredoo သည် ငါးနှစ်အတွင်း Voice နှင့် Data ကို မြန်မာနိုင်ငံ၏ ၈၀ ရာခိုင်နှုန်းကျော်သို့ ၎င်း၏ ကွန်ရက်လွှမ်းခြုံရ မည်ဟုလည်း ကြွေးကြော်ခဲ့သည်။ ဒါ့အပြင် လုပ်ငန်းနယ်ပယ်၌ ငါးနှစ်အတွင်း မြန်မာလုပ်သား ၉၀ ရာခိုင်နှုန်းကျော်ကို ခန့်အပ်သွားမည်ဟုလည်း ပြောဆိုခဲ့သည်။

Ooredoo အနေဖြင့် ၎င်းတို့ မိုဘိုင်းဆင်းမ်ကတ်များ ချထားပေးရန် တတိယလေးလပတ်အတွင်းဟု ပြင် ဆင်ပြောဆိုခဲ့သော်လည်း ၎င်း၏ အဓိကပြိုင်ဘက်ဖြစ်သည့် Telenor Myanmar သည် ပေးအပ်ထားသည့် ကတိအတိုင်း မိုဘိုင်းဆင်းမ်ကတ်များ ချထားပေးရန် ကွန်ရက်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်တိုက် လုပ်ကိုင်ဆောင်ရွက်နေသည်ဟု ယခုလ ၅ ရက်နေ့က မီဒီယာများနှင့် တွေ့စဉ်ပြောကြားခဲ့သည်။ Telenor သည် ၎င်း၏ ကတိအရ စက်တင်ဘာလအတွင်း မိုဘိုင်းဆင်းမ်ကတ်များကို ရောင်းချပေးရမည်ဖြစ်သည်။
 
Internet Journal


မှတ်ချက်များ