အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ရက်ပိုင်းအတွင်း မြေပြင်တပ်တွေ စေလွှတ်ရန်ရှိ

အစ္စရေး မြေပြင်တပ်များအား မြင်တွေ့ရစဉ် (ဓာတ်ပုံ – ရိုက်တာ)
ဒီရက်ပိုင်းအတွင်း ဂါဇာကမ်းမြောင်ဒေသကို မြေပြင်တပ်တွေ ၀င်ရောက်ဖို့ အသင့်ဖြစ်အောင် တပ်တွေကို အမိန့်ပေးထားတယ်လို့ အစ္စရေး ကာကွယ်ရေး ၀န်ကြီး မိုရှီ ရာလွန်က ပြောပါတယ်။

ဒီလို မြေပြင် ထိုးစစ်တွေ ဖြစ်လာရင် ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ သုံးပတ်ကြာ အစ္စရေးနဲ့ ဟာမက် စစ်ပွဲအပြီး ပထမဆုံး ဖြစ်လာမှာပါ။ ၃ ပတ်ကြာ စစ်ပွဲမှာ ပါလက်စတိုင်း ၁၄၀၀ သေဆုံးခဲ့ပြီး အစ္စရေး ၁၃ ယောက် သေဆုံးခဲ့ပါတယ်။

အခုအထိတော့ အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေကို အများဆုံး လုပ်နေပြီး ဂါဇာက ပစ်မှတ်ပေါင်း ၁၂၀၀ ကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့မှာ နောက်ထပ် ၁၈ ယောက် သေဆုံးသွားတဲ့အတွက် ဇူလိုင်လ ၈ ရက်နေ့ ကစလို့ တိုက်ခိုက်မှုတွေအတွင်း သေဆုံးသွားတဲ့ ပါလက်စတိုင်း ၁၄၅ ယောက် ရှိသွားပြီလို့ ဂါဇာအခြေစိုက် ဆေး အဖွဲ့ က ပြောပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့အထိ အစ္စရေးဘက်က အသေအဆုံး၊ အကျအဆုံးတော့ မရှိပါဘူး။ ဂါဇာဘက်ကိုနေ ရော့ကတ် ဒုံးကျည်တွေနဲ့ပစ်ခတ်နေတာကို အစ္စရေးဘက်က အိုင်းယွန်း ဒုံးမ်း Iron Dome လို့ ခေါ်တဲ့ လေကြောင်း ကာကွယ်ရေးစနစ်နဲ့ ကြားဖြတ်ပစ်ချတဲ့နည်းနဲ့ ကာကွယ်နိုင်နေတာ ဖြစ်ပါတယ်။

ဂါဇာဘက်က နောက်ထပ် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်လာရင်လည်း ကာကွယ်နိုင်ဖို့ အတွက် လေကြောင်း ကာကွယ်ရေးစနစ်ကို အစ္စရေးက အင်အားဖြည့်ထားပါတယ်။ ဟာမက်အဖွဲ့ရဲ့ စစ်တပ်ကလည်း အစ္စရေးရဲ့ လူနေထူထပ်တဲ့ တယ်အေဗက် မြို့ကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက် ထားပါတယ်။

ဒီလို တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတဲ့အချိန်မှာ အနောက်ဘက်ကမ်းက မြို့တွေဖြစ်တဲ့ ဘာ့သ်ရေဟမ်နဲ့ ဟီဘရွန်မြို့တွေမှာ ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်းက အစ္စရေး စစ်သားတွေနဲ့ ပါလက်စတိုင်း ဆန္ဒပြ သမားတွေ ပဋိပက္ခဖြစ်ခဲ့ကြပါတယ်။ အစ္စရေး စစ်တပ်က မျက်ရည်ယို ဗုံးတွေ၊ မီးခိုးဗုံးတွေ၊ ရာဘာ ကျည်ဆံတွေနဲ့သာမက ကျည်ဆံ အစစ်တွေကိုပါ သုံးပြီး လူစုခွဲခဲ့လို့ ပါလက်စတိုင်း ၂၇ ယောက် ဒဏ်ရာရ တယ်လို့ ဟွန်ဘရွန်မြို့က ဆေးအဖွဲ့က ပြောပါတယ်။

ဘာသ်ရေဟမ် မြို့မှာလည်း ပါလက်စတိုင်းသားတွေက လုံခြုံရေးတပ်ဖွဲ့တွေကို ကျောက်တုံးတွေနဲ့ ပစ်ခဲ့ပြီး စစ်တပ်က မျက်ရည်ယို ဗုံးတွေနဲ့ ပြန်တုံ့ပြန်ခဲ့ပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့အထိ ဂါဇာဒေသကနေ အစ္စရေးဘက်ကို ရော့ကတ်ဒုံးကျည် ၇၀၀ ၀န်းကျင်နဲ့ တိုက် ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

DVB

မှတ်ချက်များ