ရခိုင်ရိုးမ တောင်ကျချောင်းရေကြောင့် တံတားကျိုးကာ သံတွဲ-ရန်ကုန် ကားများပိတ်မိနေ

ရခိုင်ရိုးမ ချောင်းရေလျှံသဖြင့် ရခိုင်ပြည်နယ် သံတွဲမြို့အတွင်းရှိ ဇလွန်ရွာ နှင့် မဲနယ်ကွင်းကျေးရွာ ကြားရှိ တံတားပျက်စီးကာ သံတွဲ -ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်တင်ကားနှင့် ကုန်ကား အစီးနှစ်ဆယ်ခန့် ပိတ်မိနေသည်ဟု သံတွဲမြို့ မထသ ဥက္ကဋ္ဌ ဦးကျော်ကျော်က ဇူလိုင် ၁၉ တွင် မဇ္ဈိမကိုပြောသည်။


“ရန်ကုန်ကိုသွားမယ့် ခရီးသည် အယောက်တစ်ရာကျော် ပြန်လွှတ်လိုက်ရတယ်”ဟု ဦးကျော်ကျော် က ပြောသည်။

အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ရခိုင်ရိုးမ တောင်ကျချောင်းရေကြောင့် အဆိုပါ တံတားများ ပျက်စီးခဲ့ပြီး သံတွဲမြို့တွင်းတွင်လည်း ဇူလိုင်လ ၁၉ရက် နေ့လည်မှ စတင်ကာ ရေကြီးမှုများ ဖြစ်ပေါ်လျှက်ရှိ သည်။

ရေကြီးရေလျှံမှုမှာ ညောင်ပင်ဈေး ရပ်ကွက်တွင် အဆိုးဆုံး ဖြစ်နေပြီး ၁၂ပေခန့်အထိ မြင့်တက်နေသည်ဟု ဦးကျော်ကျော်က ပြောသည်။ အချို့အိမ်များမှာ အိမ်ခေါင်းမိုး နီးနီးထိ ရေမြင့်တက်နေသည်။

သံတွဲမြို့တွင်းမှာမူ ရေအမြင့် ၅ပေမှ ၁ဝပေအထိ မြင့်တက်နေသည်ဟု ဦးကျော်ကျော်က ပြောသည်။

သံတွဲမြို့ မာဃလမ်း၊ ရတနာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ညောင်ပင်ဈေးရပ်ကွက်၊ အံတော် ရပ်ကွက်များ တွင် နေအိမ်များသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သံတွဲမြို့ဒေသခံများက ပြောသည်။

ညောင်ပင်ဈေးရပ်ကွက်မှ ရေဘေးသင့် အိမ်ထောင်စုများကို ဆံတော်တောင်ခြေရင်းရှိ ယာယီကယ် ဆယ်ရေး စခန်းများသို့ ပို့ဆောင်ထားပြီး အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေရသည် ဟု ဒေသခံများကဆိုသည်။

ရခိုင်ရိုးမ၏ တောင်ကျချောင်းရေကြောင့် ရခိုင်ပြည်နယ် သံတွဲမြို့တွင် နှစ်စဉ်နီးပါး ရေကြီးမှု များဖြစ်ပေါ်ခဲ့ သည်။ လက်ရှိတွင် ဇူလိုင် ၁၈ ရက် ညပိုင်းမှ စတင်၍ လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိသည်။

Mizzima

မှတ်ချက်များ