ထားဝယ် လယ်သမားများကို တရားရုံးက ထောင်ဒဏ်များ ချမှတ်

ဓာတ်ပုံ – Mar Lar Kyaw Thein
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ အသိမ်းခံရတဲ့မြေတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ အခြေအတင်ဖြစ် လို့ တရားစွဲခံထားရတဲ့ တောင်သူလယ်သမားတွေကို မြို့နယ်တရားရုံးက ထောင်ဒဏ်၊ ငွေဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။

ထားဝယ်တောင်သူလယ်သမားအဖွဲ့ ခေါင်းဆောင်အပါအ၀င် အမျိုးသား ၉ ဦးကို ထောင်ဒဏ်နဲ့ အမျိုးသမီး ၁၀ ဦးကိုတော့ ဒဏ်ငွေ ၁ သောင်းစီ ချမှတ်ခဲ့တယ်လို့ ဒီအမှုမှာ ပါဝင်ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်စိန်က ဒီဗွီဘီကို ပြောပါတယ်။

ဝတ္တရားနှောင့်ယှက်မှု၊ လက်နက်ကိုင်ဆောင်မှု၊ ဆဲဆိုမှု၊ ရိုက်နှက်မှုတွေနဲ့ ဦးကြူလွင်က ထောင်ဒဏ် ၉ လ၊ ဦးသောင်းညွန့်က ၆ လ၊ လယ်သမားအဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဝင်း အပါအ၀င် အခြားအမျိုးသား ၇ ဦးက ထောင်ဒဏ် ၃ လခွဲစီ အသီးသီးကျခံရပြီး အမှုစီရင်ပြီးတာနဲ့ ထားဝယ်အကျဉ်းထောင်ကို ခေါ်ဆောင် သွားတယ်လို့ ရှေ့နေက ပြောပါတယ်။

အမျိုးသားတွေကို အကျဉ်းထောင်ခေါ်သွားချိန်မှာ အဲဒီအမှုတွဲမှာပါတဲ့ အမျိုးသမီးနဲ့ မိသားစုဝင်ဆွေမျိုးတွေ ပါ လူပေါင်း ၅၀ နီးပါး ထောင်ရှေ့ထိ လိုက်သွားခဲ့တယ်လို့ ဒဏ်ငွေ ၁ သောင်းဆောင်ပြီး လွတ်မြောက်လာ သူ ဒေါ်ရီရီထွေးက ပြောပါတယ်။

ထားဝယ်မြို့ ဆန်းချီရပ်ကွက်က ဒေသခံတို့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာခဲ့တဲ့ မြေဧ ကပေါင်း ၃၀၀ ကျော်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က အသိမ်းခံခဲ့ရပြီး အဲဒီမြေပေါ်မှာ လက်ရှိ ကြံ့ခိုင် ဖွံ့ဖြိုးရေးရုံး၊ ဌာနဆိုင်ရာရုံးတွေ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ သိမ်းဆည်းခံမြေတွေပြန်ရဖို့ ဒေသခံရွာသားတွေ ပြန်လည်တောင်းဆိုခဲ့ပြီး အာဏာပိုင်တွေက မြေယာအစားထိုးပြန်ချပေးရာမှာ ၃ ဧက ဆုံးရှုံးသူ အတွက် ပေ ၄၀ – ၆၀ တကွက်ကို သာ ပြန်ပေးပြီး အဲဒီမြေတွေဟာလည်း မြေ၀ပ်ဧရိယာဖြစ်နေလို့ ရွာသားတွေနဲ့ ညှိနှိုင်းလို့ မရသေးဘဲ ဖြစ်နေ တာပါ။

လျော်ကြေးမရသေးတဲ့မြေပေါ်မှာ အာဏာပိုင်တွေက ထပ်ပြီးတော့ တိုင်လာစိုက်ထားတဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က လယ်သမား နဲ့ အာဏာပိုင်ကြား အခြေအတင်ဖြစ်ပြီး ရွာသား ၂၀ ကို မြို့နယ်အထွေ
ထွေအုပ်ချုပ်ရေးရုံးက ဒုဦးစီးမှူး ဦးမျိုးနိုင်က တရားလိုလုပ်ကာ ရိုက်နှက်မှု၊ ၀တ္တရား နှောင့်ယှက်မှု၊ ဆဲဆိုမှု၊ ပိုင်နက်ကျူးလွန်မှု စတာတွေနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

သူတို့ကို ဇွန်လ ၂၇ ရက်နေ့က စတင်ရုံးချိန်းခဲ့ပြီး ရက်ပေါင်း ၂၀ အတွင်း ၁၄ ကြိမ် ရုံးချိန်းခဲ့တယ်လို့ တောင် သူလယ်သမား အဖွဲ့က ပြောပါတယ်။

ဒီမြေယာပြဿ နာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်း စစ်ဆေးရေးကော်မရှင်ကို တိုင်တန်းခဲ့ပြီး ဆန္ဒပြတောင်းဆိုမှု ၂ ကြိမ် လုပ်ခဲ့တယ်လို့ တောင် သူလယ်သ မားတွေက ပြောပါတယ်။

နန်းမြနဒီ | DVB

မှတ်ချက်များ