ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆင်ခြေဖုံးမြို့နယ် များတွင် နေ ထိုင်သော အလုပ်လက်မဲ့ ဖြစ်နေသူများနှင့် အလုပ်ရှာဖွေနေသူ များ ကို ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လုပ်ငန်းရှင်များ အသင်းက မြို့နယ်အလိုက် စာရင်းကောက်ကာ အလုပ် ရှာဖွေပေးသွား မည် ဖြစ်ကြောင်း အဆိုပါအသင်း၏ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြား သည်။
အခြေခံလူတန်းစား များပြားသည့် မြို့နယ်များတွင် လာမည့်သြဂုတ်လ အတွင်းတွင် ရပ်ကွက် အုပ်ချုပ်ရေး ရုံးများတွင် အလုပ်လျှောက်လွှာများ ထုတ်ယူနိုင်မည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
မြန်မာနိုင်ငံအတွင်း မည်သည့် အလုပ်မဆို လျှောက်ထားနိုင်မည် ဖြစ်ပြီး သက်ဆိုင်ရာ အလုပ်များနှင့် ချိတ် ဆက် ပေးမည်ဖြစ်ကာ လုပ်သားများထံမှ ဝန်ဆောင်ခ တစ်စုံတစ်ရာ မရယူဘဲ အလုပ်ရှင် ထံမှသာ ဝန်ဆောင်ခရယူမည် ဖြစ်ကြောင်း ဦးအောင်မြင့်က ပြောဆိုသည်။
လုပ်သားများ အလုပ်ထွက်လျှင် အလုပ်ရှင်ကို အခြားလုပ်သား အစားထိုးပေးမည် သို့မဟုတ် အလုပ်သမား ရှာဖွေပေးသည့်အတွက် အလုပ်ရှင်က ပေးထားသည့် ဝန်ဆောင်ခ ပြန်လည် ပေးအပ် မည်ဖြစ်ကြောင်း ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လုပ်ငန်းရှင်များအသင်း ထံမှ သိရှိရသည်။
ပြည်တွင်း အလုပ်အကိုင်အေဂျင်စီ များတွင် သွားရောက် အလုပ်ရှာဖွေပါက အလုပ်ရှာပေးလျှင် ကျပ် သုံးထောင်၊ အလုပ်ရရှိလျှင် လစာ၏ ၂၀ ရာခိုင်နှုန်းကို အေဂျင်စီသို့ ပေးရပြီး နှစ်လပြည့်လျှင် အေ ဂျင်စီဆီမှ ပြန်လည် ထုတ်ယူနိုင်ကြောင်း ပြည်တွင်းအလုပ်ရှာဖွေရေး အေဂျင်စီတွင် အလုပ်ရှာဖွေ ရန် လျှောက်လွှာတင်ထားသူ တစ်ဦးက ပြောကြားသည်။
ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လုပ်ငန်းရှင်များအသင်းကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ တရားဝင် ဖွဲ့စည်းခွင့်ရခဲ့သည်။
The Voice

မှတ်ချက်များ