တရုတ်က တွစ်တာအကောင့်အတုပေါင်း ၁ဝဝ ထက်မနည်းအသုံးပြုကာ ဝါဒဖြန့်ချိနေ
တရုတ်နိုင်ငံသည် တိဘက်ပါအဝင် အခြားစိုးရိမ်ဖွယ်ရာ ကိစ္စရပ်များနှင့် ပတ်သက်သော ဝါဒါဖြန့်ချိမှု များ ပြုလုပ်ရန် တွစ်တာအကောင့်အတုပေါင်း ၁ဝဝ ထက်မနည်းပြုလုပ်ထားသည်ဟု တိဘက် လွှတ်မြောက်ရေးဆိုင်ရာ စည်းရုံးလှုပ်ရှားရေး အဖွဲ့တစ်ဖွဲ့မှ ထုတ်ဖော် ပြောကြားလိုက်သည်ဟု ဇူလိုင် ၂၃ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော တွစ်တာအား အသုံးပြုမှုကို တရုတ်နိုင်ငံတွင် ပိတ်ပင်ထားသော် လည်း အနောက် နိုင်ငံသားအမည်များဖြင့် အသုံးပြုနေသည့် တွစ်တာအကောင့်ပေါင်း ၁ဝဝ ခန့်ကို တွေ့ရှိခဲ့ ရပြီး အကောင့်အတု ရာပေါင်း များစွာ ရှိနေနိုင်သည်မှာ ယုံမှားသံသယဖြစ်ဖွယ်ရာမဟုတ်ဟု “Free Tibet” ဟု အမည်ပေးထားသော လှုပ်ရှားမှု အဖွဲ့တစ်ဖွဲ့မှ ဆိုသည်။
တိဘက်အရေးကိစ္စနှင့် ဝီဂူးမွတ်စလင်အများစု နေထိုင်ရာ ရှင်ကျန်းဒေများအပါအဝင် အခြားကိစ္စရပ်များနှင့် ပတ်သက် သော တရုတ်နိုင်ငံ၏ သတင်းများကို ဖော်ပြရန်အတွက် အဆိုပါအကောင့်များကို အသုံးပြုခြင်းဖြစ်သည်ဟု လန်ဒန် အခြေစိုက် Free Tibet အဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြ ထားသည်။
မော်ဒယ်များ၊ စီးပွားရေးကြော်ငြာများအတွက်အသုံးပြုသောရုပ်ပုံများ၊ ထင်ရှားကျော်ကြားသူများ၏ ရုပ်ပုံများ အပါအဝင် ဓာတ်ပုံ ပညာရှင်များ၏ ဝက်ဘ်ဆိုက်များမှ ရယူထားသော အမေရိကန်ကျောင်းသူများ၏ ရုပ်ပုံ များကို ယင်းတွစ်တာ အကောင့်များ သုံးဆွဲသူတို့၏ ဓာတ်ပုံများအဖြစ် အသုံးပြုထားသည်ဟု အဆိုပါ အဖွဲ့ ကဆက်လက်ပြောကြားသည်။
တွစ်တာ အကောင့် အခု ၂ဝ အား ဇူလိုင် ၂၂ ရက်တွင် ပိတ်ပင်နိုင်ခဲ့သော်လည်း တရုတ်နိုင်ငံ အင်တာ နက်နှင့် မီဒီယာ လှုပ်ရှားမှုသတင်းများကို တင်ဆက်နေသော အမေရိကန်အခြေစိုက် China Digital Times မှ tomhugo 148 အကောင့်ထံမှ ရေးသားမှုများအား ဖော်ပြထားသည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြခဲ့သည်။
အဆိုပါအကောင့်ပိုင်ရှင်က ၎င်း၏အကောင့်တွင် “တိဘက်လူမျိုးတွေဟာ ကုန်းမြင့်ဒေသက ရောစပါးစိုက် ပျိုးဖြစ်ထွန်းမှုကို နှစ်ထောင်းအားရ ဖြစ်နေကြပါတယ်”၊ “ဒလိုင်းလားမားကို တရုတ်တွေဘယ်လိုနားလည် လာကြလဲ” ဟု ရေးသားထားသည်။
တွစ်တာအကောင့်တုများကို မည်သူပြုလုပ်ခဲ့သည်ဆိုခြင်းကိုမူ Free Tibet အဖွဲ့မှ သက်သေပြနိုင်ခဲ့ခြင်းမ ရှိသော်လည်း ၎င်းတို့အား “တိဘက်က အေးချမ်းတဲ့၊ လုံခြုံမှုရှိတဲ့၊ ပျော်ရွှင်နေတဲ့ တရုတ်ဒေသဆိုတာကို တရုတ်က ကမ္ဘာကိုပြချင်လို့ ပြုလုပ်တာဖြစ်တယ်”ဟု ပြောကြားခဲ့သည်။
Mizzima News

မှတ်ချက်များ