ခေါင်းမဆောင်နိုင်သော ခေါင်းရှောင်များသို့


ကျွန်တော့်မိတ်ဆွေ မူလတန်းကျောင်းအုပ်ဆရာကြီး ကိုချစ်မောင်ခင်က ကျွန်တော့်ထံကို ပညာရေးဝန်ကြီး ထံ အိတ်ဖွင့်ပေးစာဆိုပြီး ပို့ပေးလိုက်တာကြောင့် The Voice Daily ကို တစ်ဆင့် ပို့ပေးလိုက်ပါတယ်။ အဲဒီက တစ်ဆင့် ဇူလိုင်လ ၄ ရက်နေ့ထုတ် သတင်းစာမှာ ဖော်ပြခဲ့တာ ဖတ်လိုက်ရပါတယ်။

ကိုချစ်မောင်ခင်အကြောင်း နည်းနည်းပြောချင်တယ်။ ကျောင်းတွေမှာ ကျူရှင်ပြန်သင်ပြီး တပည့်တွေဆီ က ငွေကောက်ကာ၊ ဆရာတွေ ဆရာမတွေကို ပြန်ခွဲပေးရမယ်ဆိုပြီး အမိန့်တွေထုတ်ခဲ့တုန်းက ကျွန်တော် တို့မြို့နယ် မှာ အဲဒီအမိန့်ကို ရဲရဲတောက် ဆန့်ကျင်ပြီး ခင်ဗျားတို့ အချိန်ပို သင်ဆိုရင် သင်ပေးမယ်။ ပိုက်ဆံမကောက်ဘူး။ ဆရာတွေ ဆရာမတွေကိုလည်း ကျောင်းသားတွေဆီက ပိုက်ဆံကို အပိုငွေအဖြစ် မကောက်ရဘူး။ ငါ့ကျောင်းမှာ အဲဒါကို ခွင့်မပြုဘူး။ မကျေနပ်ရင် ကြိုက်တဲ့ဆီတိုင်နိုင်တယ်ဆိုပြီး ဆန့်ကျင် ခဲ့တဲ့ ကျောင်းအုပ်ကြီးတစ်ယောက် ဖြစ်ပါတယ်။

ကိုချစ်မောင်ခင်ကို ကျူရှင်လည်းမသင်၊ ပိုက်ဆံလည်းမကောက်ဘူးဆိုပြီး ဆန့်ကျင်နေတာကြောင့် ချမ်းသာ တယ်ထင်ရင် မှားလိမ့်မယ်။ ကိုချစ်မောင်ခင်က မိသားစု ငါးယောက်ကို ကျောင်းအုပ်လစာနဲ့ မလောက်လို့၊ ညဘက် မရှက်မကြောက် ဆိုက်ကားနင်းနေတဲ့သူပါ။ သူက အပိုဝင်ငွေဆိုတာကို သမာအာဇီဝနဲ့ ရှာစားတာ ပဲ လက်ခံတယ်။ ကျောင်းသားတွေဆီက ပိုက်ဆံယူပြီး စာသင်တယ်ဆိုတာကို လုံးဝလက်မခံဘူး။ သူ့ခံယူ ချက်က ကျောင်းဆရာ အလုပ်ကို ငတ်မယ်မှန်းသိရက်နဲ့ လုပ်တယ်။ မလောက်ငနိုင်ဘူးဆိုတာ သိရက်နဲ့လုပ် တယ်။ ဒါဟာ စေတနာ၊ ဝါသနာကြောင့် လုပ်တာ။ စလုပ်ကတည်းက သိနေလျက်သားနဲ့ ဝင်လုပ်ကြပြီး မှ ကျောင်းဆရာအလုပ်နဲ့ ကျောင်းသားတွေထံက အပိုငွေပြန်ရှာရတာကို ဇာတ်တူသားစားတဲ့ အလုပ်ဆိုပြီး သူ့တစ်သက် လက်မခံဘဲ ဆန့်ကျင်ခဲ့တယ်။ ဒါကြောင့်လည်း သူက အချိန်အားရင် ဆိုက်ကားနင်းတယ်။ မိန်းမက ဈေးထဲမှာ ကန်ဇွန်းရွက် ရောင်းတယ်။ ဒီလိုနဲ့ သားသမီးတွေကို ဘွဲ့တွေရအောင်ကျောင်းထားနိုင် ခဲ့တယ်။

ကျူရှင်ဆိုတာ ထားမှဖြစ်မယ်လို့ လုပ်ထားတဲ့ ပညာရေးစနစ်ကိုက ခွင်ဖန်ထားတဲ့ ပညာရေးစနစ်ဆိုတာ ထင်ရှား နေတယ်။ ပြောချင်သူတွေကတော့ ဆရာဝန်တွေတောင် ပြင်ပမှာ ဆေးခန်းဖွင့်ပြီး ငွေရှာနိုင်သေး တာ၊ ငါတို့ ကျောင်းဆရာတွေက ဘာဖြစ်လို့ ငွေမရှာနိုင်ရမလဲဆိုပြီး ပြောကြတယ်။ ဆေးခန်းဖွင့်ပြီး ဝင်ငွေရှာ တာနဲ့၊ ကျူရှင်ဖွင့်ပြီး ဝင်ငွေရှာတာ တူသလားဆိုတာ ပြန်စဉ်းစားသင့်တယ်။ လိုအပ်ချက်နဲ့ ပြန်ပြီးတိုင်းတာ သင့်တယ်လို့ ထင်ပါတယ်။

ပညာရေးမှာ သူငယ်တန်းကနေတက္ကသိုလ်ဝင်တန်းအထိ ကျူရှင်ပြန်ထားနေရတာကို လိုအပ်ချက်ကြောင့် လား ဆိုတာ ကျူရှင်သင်ချင်သူတွေ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး မေးကြည့်စေချင်ပါတယ်။

ကျောင်းလွှတ်ရင် အိမ်ခေါ်ပြီးတော့ စာကျက်ခိုင်းတာ၊ ကျောင်းကစာကိုပဲ အလွတ်ပြန်ရွတ်ခိုင်းနေတာ၊ စာမေးပွဲမှာ မေးမယ့်စာတွေကို “၏” “သည်” မရွေ့ပြန်ပြီး ကျက်ခိုင်း၊ ရေးခိုင်းနေတာ လိုအပ်ချက်လား ဆိုတာ ဆရာတွေ ပြန်ပြီးစဉ်းစားစေ့ချင်တယ်။ အင်္ဂလိပ်စာမှာ ပိုတော်၊ ပိုတတ်အောင် ဘာတွေသင်ပြနိုင် ခဲ့သလဲ။ ပိုတော် ပိုတတ်အောင် သင်ပြန်ရင်လည်း အဲဒီတတ်ထားတာတွေဟာ ခင်ဗျားတို့ ပြဋ္ဌာန်းထား တဲ့ ကျောင်းစာထဲမှာ ပိုတွေး၊ ပိုရေးလို့ရသလား။ သင်္ချာမှာ မာလကာသီးလို့ သင်ထားရင်၊ သံပရာသီး လို့ ပြောင်းမေးလိုက်တာနဲ့ ချာချာလည် သွားပြီး မဖြေနိုင်တာ ကျူရှင်တွေရဲ့ စွမ်းဆောင်နိုင်စွမ်းလား။

အမှန်တော့ ပညာရေးစနစ်ကို ကျူရှင်ခိုးသင်ပြီး၊ ခိုးစားနိုင်အောင် ဖန်တီးထားတာ။ ပညာရေးဝန်ကြီးတွေ အဆက်ဆက် ကျူရှင်မသင်နိုင်တဲ့ပညာရေး၊ ကျူရှင်မလိုတဲ့ ပညာရေး၊ ကျူရှင် တကယ်လိုတယ်ဆိုရင် လည်း စွမ်းဆောင်ပြနိုင်ရင် စွမ်းဆောင်ပြနိုင်သလောက် ဂုဏ်ပြုခံနိုင်တဲ့ပညာရေးမျိုးကို ဘယ်သူတွေ စီစဉ်ခဲ့လို့လဲ။ နှစ်ပေါင်းများစွာ ချဉ်ပတ်အိုးကြီးလို ပုပ်သိုးနေတဲ့ စာဟောင်းစာသိုးတွေကိုပဲ ဒါသင်၊ ဒါဖတ်၊ ဒါမှတ်၊ ဒါကျက်၊ ဒါရေးမှ အမှတ်ပေးတာကို ခင်ဗျားတို့ ကျင့်သုံးလာခဲ့တာ ဘယ်နှနှစ်လောက်ရှိနေပြီ လဲ။ ပြောတော့ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်မယ်တဲ့။

အမေရိကန် ပြည်ထောင်စုမှာ သမ္မတ အိုဘားမားအစိုးရတက်လာကတည်းက သူတို့နိုင်ငံကကျောင်း သားတွေကို STEM နဲ့ သွားဖို့ ခုထိ ကျိုးပမ်းနေစဲပဲ။ STEM ဆိုတာကိုရော ခင်ဗျားတို့ ပညာရေးဌာနက မျက်ခြေပြတ်နေပြီလား။ Science, Technology, Engineering, Mathematics ဆိုတာကိုပဲ အလေးထားပြီး ကမ္ဘာ့ အဆင့်မီအောင်သင်ပေးပါလို့ အိုဘာမားက ပညာရေးဌာနကြီးကို အားကိုးအားထားပြုပြီး တောင်းပန် ထားချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့ ပြဋ္ဌာန်းစာအုပ်တွေထဲမှာ ခေတ်မီနည်းပညာနဲ့ ပတ်သက်တာတွေကို အရိပ်အယောင် တွေ့နေရပြီလား။ အများကြီးပါဗျာ။ ပြန်ပြီးစဉ်းစားသင့်တာတွေ။

ပညာရေးနဲ့ ခေတ်မီဖွံ့ဖြိုးအောင်လုပ်ချင်ရင် ကမ္ဘာမှာ ဘာတွေ လုပ်နေသလဲဆိုတာ မျက်ခြေပြတ်လို့ မရဘူး။ အိုဘားမားက သူတို့နိုင်ငံက ကလေးတွေ STEM ကို ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ပေးရင် နိုင်ငံ တိုးတက်ဖွံ့ဖြိုးမှာ မဟုတ်ဘူး။ ပညာရေးအဆင့်နိမ့်သွားရင် နိုင်ငံကျဆုံးသွားမယ်။ လက်ရှိအနေအထားမှာ အမေရိကန်က ကျောင်းသားတွေဟာ သင်္ချာနဲ့ သိပ္ပံစွမ်းအားမှာ တောင်ကိုရီးယား၊ တရုတ်တို့ထက် နိမ့်ကျနေ တာကို သမ္မတက ဝေဖန်ပြီး အဲဒီကဏ္ဍတွေမှ ကမ္ဘာ့အဆင့်မီအောင် ပြဋ္ဌာန်းကြပါ၊ သင်ကြပါလို့ ဝုန်းဒိုင်း ကျဲပြီး ဆောင်ရွက်နေချိန်မှာ ကျွန်တော်တို့ နိုင်ငံက ပညာရေးဝန်ကြီးက ကျူရှင်မသင်ရ တဲ့ပညာရေးလော ကတစ်ခုကို သိက္ခာရှိအောင်ကြံ ဆောင်ပြီး၊ ဆရာဆရာမတွေ စားဝတ်နေရေးဖူလုံအောင် ကြံဆောင်ပေး ရမယ့်အစား၊ ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်း ခွင့်နဲ့ လုပ်စားကိုင်စားခွင့်ပေးလိုက် မယ်ဆိုပြီး ဖြေရှင်းလိုက် တာကိုတော့ ခေါင်းရှောင်တတ်တဲ့ ခေါင်းဆောင်တစ် ယောက်ရဲ့ ခေါင်းမဆောင်နိုင်တဲ့ လုပ်ရပ်တစ်ခုလို့သာ သုံးသပ်ဆင်ခြင်မိကြောင်းပါခင်ဗျာ။

အငြိမ်းစားကျောင်းဆရာတစ်ဦး | Maukkha

မှတ်ချက်များ