ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီး နဲ့ မေမြင့်မိုရ် ရဲ့ စိတ်လှုပ်ရှားမှု
ဒါရိုက်တာ ဝင်းထွန်းထွန်း (အနုပညာပြချက်) ရိုက်ကူးတဲ့ “မှော် ကျောက်စာ” ရုပ်ရှင် ဇာတ်ကားကြီး မှာ မေမြင့်မိုရ်လည်း ပါဝင် သရုပ် ဆောင် မှာဖြစ်ပါတယ်။ ဒီ ရုပ်ရှင် ဇာတ်ကားကြီး ကတော့ မေမြင့်မိုရ်ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီး လည်း ဖြစ်ပါတယ်။ ဇာတ်ကား က ရာဇဝင် ဇာတ်ကား ပုံစံဖြစ်ပြီး မေမြင့်မိုရ် က မိဘုရား နေရာ ကနေ ပါဝင် သရုပ်ဆောင် ရမှာဖြစ်ပါတယ်။
ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီး အတွက် စိတ်လှုပ်ရှားနေကြောင်း ပြောပြလာတဲ့ မေမြင့်မိုရ်က “ဒီရုပ်ရှင် ဇာတ်ကား ကြီးထဲ မှာ ညီမက မိဘုရားနေရာ ကနေ သရုပ်ဆောင်ရမှာပါ။ ရာဇဝင် ပုံစံမျိုး၊ အေဒီ ၃ဝဝ၊ ၄ဝဝခေတ်က ပုံစံမျိုး ဆိုတော့ ပျူခေတ် နီးပါးလောက်က အဝတ်အစား ပုံစံမျိုးကို ဝတ်ရ မှာ။ အဝတ်အစား ပိုင်းဆိုလည်း ဒီဇိုင်နာတွေ နဲ့ပြင်ဆင်ထားတယ်။ မိတ်ကပ်ပိုင်း က အစပေါ့။
ဒီကားလေးက အရမ်းကောင်းတဲ့ မှော်ကားလေးပေါ့။ ရိုက်မယ့် ပုံစံက လည်း ခေတ်ဟောင်းနဲ့ ခေတ် သစ်ကို ရောပြီးပြမယ့် ဇာတ်ကားပုံစံပေါ့။ ခေတ်ဟောင်း ဆိုလည်း ပျူခေတ်နီးပါး ပုံစံမျိုး ဝတ်စား ဆင်ယင်မှုက အစ ရိုက်နေကျ ပုံစံမျိုး မဟုတ်တော့ဘူး။ ပြီး တော့ ကိုယ်လုပ်ရ မယ့် ကာရိုက်တာ ကလည်း အရမ်းကောင်းတယ်။ ကိုယ်ကိုယ်တိုင် လည်း နှစ်သက်တဲ့ အတွက် လက်ခံခဲ့တာ။ လိုကေး ရှင်းတွေ ကလည်း နယ်ဘက်တွေ များတယ်။
ဒီကား ထဲမှာ နည်းပညာတွေ လည်း ဆန်းသစ်မှုတွေ၊ ပံ့ပိုးမှုတွေ ပါတယ်။ ဆင်တိုက်ပွဲ ဆို လည်း ဆင်တွေ အကောင် ၆ဝ ကျော်၊ ၇ဝ လောက် သုံးမှာဆိုတော့ ပရိသတ်တွေလည်း အမြင်ဆန်းတယ်။ ပါဝင်ကြတဲ့ သူတွေကလည်း ဝါရင့် သရုပ်ဆောင်တွေ များတယ်။ ပရိသတ် သဘောကျတဲ့ ကားဖြစ်မှာပါ။
ပထမဆုံး ရုပ်ရှင်ဇာတ်ကား ကြီးဖြစ်တဲ့ အတွက် စိတ် လှုပ်ရှားနေမိတယ်။ အရမ်းလည်း ရင်ခုန်နေပါ တယ်။ ပျော်လည်း ပျော်မိတယ်။ ကိုယ် လုပ်ခွင့်ရတဲ့ ကာရိုက်တာ ကို အကောင်းဆုံး သရုပ်ဆောင် သွားမှာပါ” လို့ ဇာတ်ကားမှာ သရုပ်ဆောင် သွားမယ့် ကာရိုက်တာနဲ့ ပတ်သက်ပြီး မေမြင့်မိုရ်က ပြောပြ ခဲ့ပါတယ်။
”မှော်ကျောက်စာ” ရုပ်ရှင် ဇာတ်ကားကြီးကို ဇူလိုင် ၁၄ ရက်နေ့မှာ ရိုက်ကူး သွားမှာ ဖြစ်ပြီး “ပန်းနုသွေး” ဇာတ်လမ်းတွဲ အဆက်ကိုတော့ ဇူလိုင် ၉ ရက်နေ့ မှာ ရိုက်ကူး ဖို့ရှိ ကြောင်း မေမြင့်မိုရ်က “ပန်းနုသွေး ဇာတ် လမ်းတွဲ အဆက်ကို ဇူလိုင်လ ၉ ရက်နေ့မှာ ရိုက်မယ်။ ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့က ဇူလိုင်လ ၁၄ ရက်နေ့ပေါ့။
ရုပ်ရှင်ကား ကြီး ရိုက်ကူးဖို့အတွက် အစောကြီး ကတည်းက MRTV4 ကို ခွင့်တော့တောင်း ထားရတာပေါ့။ ညီမ ရိုက်ရမှာတွေက နယ်ဘက် လိုကေးရှင်း တွေများတယ်။ ပန်းနုသွေး ဇာတ်ကား ရိုက်ပြီးတာနဲ့ ရုပ်ရှင်ကားကြီး စရိုက်မယ်။ ဇူလိုင်လ ကုန်အထိ ရိုက်ရမယ်”လို့ ပြောပြခဲ့ပါတယ်။
သိမ့်သိမ့် | Popular News

မှတ်ချက်များ