တွံတေးတွင် စနောက်ရာမှ ဒုရဲအုပ်က ရဲတပ်သားကို သေနတ်ဖြင့် ပစ်မိဟုဆို


တွံတေးမြို့နယ် ကံဘဲ့ကျေးရွာအနီးရှိ ဘုရားငုတ္တိုရဲကင်းတွင် ဇူလိုင်လ ၁၃ ရက် မွန်းလွဲ ၃ နာရီခန့်က ဒုရဲအုပ်က တာဝန်ကျနေသည့် အသက် ၃၀ နှစ်အရွယ် ရဲတပ်သား၏ညာဘက်နားထင်ကို ခြောက် လုံးပြူးသေနတ်ဖြင့် ပစ်မိခဲ့ကြောင်း တွံတေးမြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းသန်း၏ အဆိုအရ သိရသည်။

အဆိုပါ ရဲကင်းတွင် ယင်းနေ့က လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်သား ဇော်ဝင်းထိုက်က ကင်း တဲသို့ ရောက်ရှိလာသော ဒုရဲအုပ်သိန်းဇော်ဦးကို သတင်းပေးပို့ရာတွင် အထက်အရာရှိအပေါ် မလေးမစား ဆက်ဆံခဲ့သည်ဟုဆိုကာ စနောက်ရာမှ အဆိုပါ ဒုရဲအုပ်က ၎င်း၏ ခါးတွင်ချိတ်ဆွဲထားသော ခြောက် လုံးပြူး သေနတ်ဖြင့် ရဲတပ်သား၏ ညာဘက် နားထင်သို့ ပစ်မိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြော ကြားသည်။

“အဲဒီနေ့က ရွှေဆံတော်ဘုရားကြီးမှာ မုခ်ဦး ပန္နက်ရိုက်ပွဲရှိလို့ လူကြီးလမ်းကြောင်း လုံခြုံရေး ဆောင် ရွက်အပြီး မိုးအရမ်းရွာနေလို့ ရဲကင်းတဲမှာ ဒုရဲအုပ် သိန်းဇော်ဦးတို့အဖွဲ့က ဝင်နားတာ။ အခုသေဆုံးခဲ့တဲ့ ရဲတပ်သားနဲ့ သူက ဆရာတပည့်အရင်းတွေ။ အရမ်းခင်ကျတာ။ သူဝင်လာချိန် တပ်သားက သတင်းပို့တာ ပုံစံမကျလို့ စနောက်ရင်း ခြောက်လုံးပြူး သေနတ်နဲ့ချိန်ခဲ့ရာက မတော်တဆ ကျည်ထွက်သွားတာ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ကျည်ထိခဲ့သော ရဲတပ်သားကို တွံတေးမြို့နယ် ပြည်သူ့ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း ကုသခဲ့သော်လည်း ယင်းနေ့ည ၇ နာရီခွဲခန့်တွင် သေဆုံးခဲ့ကြောင်း၊ သေနတ်ဖြင့် ပစ်ခဲ့သော ဒုရဲအုပ် သိန်းဇော်ဦး ကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့မရဲစခန်းတွင် ပုဒ်မ ၃၀၄-က ဖြင့် အမှု ဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း တွံတေးမြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ကျည်မှန်သေဆုံးခဲ့သော ရဲတပ်သား ဇော်ဝင်းထိုက်မှာ ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့သည် မှာ လေးနှစ်ခန့် ရှိပြီး ၎င်း မသေဆုံးခင် နှစ်ရက်ခန့်က ကံဘဲ့ကျေးရွာတွင် နေထိုင်သော မိခင်ဒေါ်ငယ်ကို ၎င်း၏ အထက်အရာရှိနှင့် အဆင်မပြေသောကြောင့် ရဲတပ်ဖွဲ့မှ ထွက်လိုသည်ဟု ပြောကြားခဲ့ကြောင်း ဒေါ် ငယ်က ပြောကြားသည်။

“အရာရှိနဲ့ အဆင်မပြေဘူး။ မကြာခင် လူသတ်ပွဲဖြစ်တော့မှာမို့လို့ ရဲကထွက်ချင်တယ် ပြောပေမယ့် သူရဲပြေးဖြစ်ပြီး ထောင်ကျမှာ စိုးရိမ်တာကြောင့် မထွက်ခိုင်းခဲ့တာ။ သေနတ်နဲ့ပစ်ခံရတဲ့နေ့က အဒေါ်တို့ရွာနဲ့ အဲဒီရဲကင်းတဲက နီးနီးလေး၊ ဘယ်သူမှ အကြောင်းမကြားဘူး၊ ညနေ ၅ နာရီလောက်မှ သားက ချော်လဲလို့ ငုတ်ထိုးမိတယ်ဆိုပြီး ကယ်ရီသမားက လာပြောလို့ ဆေးရုံလိုက်သွားတာ အသက်မမီတော့ဘူး။ အရာရှိ က အောက်လိုက်ငယ်သားကို အပြစ်ရှိလို့ ရိုက်နှက်ဆုံးမတာကို လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာကြောင့် ယူကျုံးမရဘူး” ဟု သေဆုံးခဲ့သူ၏ မိခင်ဖြစ်သူ ဒေါ်ငယ်က ရှင်းပြသည်။

ခြောက်လုံးပြူး သေနတ်တွင် ကျည်မထည့်ထားဟု ထင်မှတ်ကာ စနောက်ပြီး သေနတ်ဖြင့် ချိန်ခဲ့ရာမှ မတော်တဆ ကျည်ထွက်ကာ ရဲတပ်သား၏ နားထင်ကို ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ဝင် များက ပြောကြားခဲ့သော်လည်း အဆိုပါသေနတ်ဖြင့် ပစ်ခဲ့သူ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန်းဇော်ဦးမှာ ၎င်းနယ်မြေအတွင်း ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးရာ၌ ၎င်း၏ခါးတွင် ချိတ်ဆွဲ ထားသော ခြောက်လုံးပြူးသေနတ်ဖြင့် ထုတ်ချိန်ကာ “ပစ်သတ်လိုက်ရမလား” ဟု မကြာခဏ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများထံမှ စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂ ရက်ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန် ကျနေသော ရဲအချင်းချင်း စကားများရာမှ ဒုရဲအုပ်က ရဲအုပ်ကို သေနတ်နှင့် ပစ်ခတ်ခဲ့ရာ ရဲအုပ် သေဆုံး ခဲ့သည်။

The Voice

မှတ်ချက်များ