တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးခုတွင် ရေဖုံးလွှမ်းနိုင်မှု အလားအလာမြင့်မားဆဲ


မိုးရွာသွန်းမှု အရှိန်မြင့်မားနေသဖြင့် ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့်မွန်ပြည်နယ်တို့တွင် ရေဖုံးလွှမ်းမှု အလားအလာ မြင့်မားနေဆဲ ဖြစ်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က နာဆာဂြိုဟ်တု တိုင်းတာချက်များကို ကိုးကား၍ ပြောသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးမြောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး အရှေ့ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် မိုးရေချိန် တစ်လက်မခွဲနှင့်အထက် ရွာသွန်းခဲ့သဖြင့်ရေဖုံးလွှမ်းနိုင်မှု မြင့်မားနိုင်သည့် မြို့များမှာ မအူပင်၊ ပုသိမ်၊ ရန်ကုန်၊ပဲခူး၊ သထုံမြို့များဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရေဖုံးလွှမ်းမှု မြင့်မားခဲ့သည်မှာ မိုးရာသီအစကတည်းကဖြစ်ပြီး သြဂုတ်လအ ထိမိုးများနိုင်သည်ဖြစ်ရာ ရေကြီးမှုကာကွယ်ရေးစီမံချက်များ ဆောင်ရွက်သင့်သည်ဟု ဦးထွန်းလွင်က သတိပေးပြောကြားသည်။

“ပုသိမ်မှာ စိုးရိမ်ရေမှတ်ထက် ရှစ်ပေတက်နိုင်တယ်ဆိုတော့ နည်းနည်းလန့်နေတယ်။ သုံးပေလောက် တက်ရင်တောင် မလွယ်ဘူး။ ငသိုင်းချောင်းဆည်ကျိုးမှာ ကြောက်တာ၊ အခုတော့ ရေလွှမ်းတာ မရှိဘူး၊ အေးဆေးပဲ”ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ဒေသခံ ဦးဇော်ဝင်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ဇူလိုင်လ ၂၈ ရက် ညနေအထိ ခန့်မှန်းချက်များကို မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၊ မော်လူးဒေသအတွင်းတွင် ဇူလိုင် လ ၂၂ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် အဆိုပါဒေသတွင်းရှိ ချောင်းများ ရေကြီးရေလျှံကာ စိုက်ပျိုးပြီး လယ်ဧက ၁၅၀ ခန့်နှင့် စိုက်ပျိုးခြင်း မပြုရသေးသော လယ်ဧက ၁၀၀ ခန့် ရေလွှမ်းမိုးခဲ့သည်ဟု ဇူလိုင်လ ၂၆ ရက် ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

စိမ့်စမ်းရေ | mizzima

မှတ်ချက်များ