ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကို နိုင်ငံခြားသားများပါ စိုးရိမ်လာပြီး ရုံးပိတ်ရက်တွင် ဘန်ကောက်သို့ ပြန်လည်သွားရောက် နေထိုင်သူများပင် ရှိလာနေ
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကို နိုင်ငံခြားသားများပါ စိုးရိမ်လာနေပြီး အချို့မှာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ပြန်လည်သွားရောက် နေ ထိုင်သူများပင် ရှိလာနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
“နိုင်ငံခြားသားတွေက အိမ်ခြံမြေဈေးတက်တာကို ကြောက်နေကြပြီ။ မီးပျက်တာကိုလည်း စိတ်ညစ်နေ ကြပြီ။ တချို့တွေဆိုရင် သောကြာနေ့မှာ ဘန်ကောက်ကိုပြန်ပြီး စနေ၊ တနင်္ဂနွေနား၊ တနင်္လာနေ့မှာ ရန်ကုန် ကိုပြန်လာပြီး အလုပ်လုပ်နေကြတာတွေ တောင်ရှိတယ်” ဟု City Land အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများအတွက် အမြဲတမ်းနေထိုင်ခွင့် Permanent Resident ပေးအပ်တော့ မည် ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုရှိသော နေရာများတွင် အိမ်ခြံမြေဈေး ပိုကောင်းလာနိုင်သော်လည်း ဈေးကို ထိန်းမထားနိုင်လျင် ပြဿနာ ဖြစ်လာနိုင်ကြောင်း အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်လျက် ရှိသည်။
“အိမ်ခြံမြေဈေးတွေက ဈေးကွက်ဝယ်လိုအား တိုးလာမှာကို မျှော်မှန်းပြီး ဈေးတွေတက်လာတယ်။ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မျှော်တာပေါ့။ ဒါပေမဲ့ အိမ်ခြံမြေတွေရဲ့ အရည်အသွေးက ဈေးနှုန်းလို တိုးတက်မလာပါဘူး။ ဒါ့ကြောင့် ရေရှည်မှာ အရည်အသွေးမြင့်တဲ့အိမ်တွေ လိုအပ်ပါတယ်။ အိမ်ဝယ်သူ က ငွေအများကြီးသုံးရင် အိမ်ကိုလည်း အရည်အသွေး အဆင့်မီဖို့ တောင်းဆိုမှာပါပဲ” ဟု Rocket Internet မှ ပိုင်ဆိုင်သော အိမ်ခြံမြေများ ရှာဖွေပေးနေသည့် နိုင်ငံတကာ ကုမ္ပဏီHouse.com.mm မှ Country Manager မစ္စတာဂျန်ဆွန်းမားဖက်ဒ်က ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နေထိုင်စရာအိမ်များ ငှားရမ်းရာတွင် ဈေးနှုန်းနှင့် ရရှိသည့် အရည်အသွေးမှာ ညီမျှခြင်းမရှိဘဲ အိမ်ခြံမြေဈေးနှုန်းများမှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျင် လွန်စွာမြင့်မားလျက် ရှိကြောင်း သိရသည်။
စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်မှာလည်း စီးပွားရေးမြို့တော် ရန်ကုန်တွင် လုပ်ငန်းများလုပ်ကိုင်နိုင် သည့် ရုံးခန်းဧရိယာပေါင်း ၇ဝဝဝဝ စတုရန်းမီတာသာ ရှိနေကြောင်း ဘဏ္ဍာရေးဆိုင်ရာ အကြံပေးကုမ္ပဏီ New Crossroads Asia (NCRA) က စီးပွားရေးဆိုင်ရာ အချက်အလက်များအရ သိရသည်။
နွဲ့ယဉ်အေး၊ သန်းထိုက်အောင် | 7day

မှတ်ချက်များ