ပုသိမ်ကြီးမြို့နယ်ကိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်အပြီး မန္တလေး ခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူ

ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးဈေးချိုနာရီစင်တစ်ဝိုက် သွားလာနေသော ဒေသခံအချို့နှင့် လုံခြုံရေးကားတစ်စီးအား တွေ့ရစဉ်။

ဇူလိုင် ၄ ရက် ညနေတွင် ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက်မန္တလေးခုနစ် မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁ဝဝ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဆူပူဖျက်ဆီးမှုများကြောင့် နယ်မြေလုံခြုံရေးအရ ဇူလိုင် ၄ ရက် ညနေ ၅ နာရီကျော်မှစ၍ ပုသိမ်ကြီးမြို့ နယ်မှအပ မန္တလေးခြောက်မြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာ ပထမရက်တွင် ၁၄၅ ဦး ကို ထိန်းသိမ်းခဲ့ပြီး ခံဝန်ဖြင့် ပြန်လည်စေလွှတ်ပေးခဲ့သော်လည်း ဒုတိယနေ့ ပုသိမ်ကြီး မြို့နယ်တွင်ပါ ထပ် တိုးထုတ်ပြန်ပြီးနောက် မလိုက်နာသူ ၁ဝဝ ခန့်ကို ထိန်းသိမ်းထားကြောင်း သိရသည်။

“ပထမဆုံးက ဒုတိယနေ့ထက်များပေမယ့် အားလုံးကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပေမယ့် လုံးဝလွှတ်မပေးတော့ ဘဲ ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်အရေးယူသွားမှာပါ”ဟု ဒုရဲမှူးကြီးတစ်ဦးက ဆိုသည်။

ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်(၇)ရက်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေချမှတ်နိုင်ကြောင်း သိရသည်။ လတ်တလော မန္တလေးမြို့လုံခြုံရေး အတွက် တိုင်းရဲတပ်ဖွဲ့အပါအဝင် ရွှေစာရံ၊ စစ်ကိုင်း၊ ပုလိပ်ရဲတပ်ရင်းများနှင့် ကျောက် ဆည်ခရိုင်ရဲတပ်ဖွဲ့မှလည်း အင်အားပူးပေါင်းပါဝင် ဆောင်ရွက်နေသည်။

ဇူလိုင် ၁ ရက် ည ၈ နာရီခွဲတွင် စတင်ဖြစ်ပွားခဲ့သော ချမ်းအေးသာစံမြို့နယ် ၈၃ နှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က အလုပ်သမားမိန်းကလေးအား မုဒိမ်းကျင့်အမှုဖွင့်ထားသည့်ကိစ္စနှင့် ဆက်နွယ်သော ကောလာဟလများ အင်တာနက်တွင် ပျံ့နှံ့ပြီးနောက် ယခုကဲ့သို့ ပုဒ်မ ၁၄၄ ထုတ် ပြန် အရေးယူမှုများဖြစ်ပွားခြင်း ဖြစ်သည်။

News Eleven

မှတ်ချက်များ