ကြေးနီစီမံကိန်းနယ်မြေအတွင်း နွားစာကျက်ချထားရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်ကျေးရွာ၏ အရှေ့ဘက်အနီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေအတွင်း၌ ဇူလိုင် ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ဒေ သခံတောင်သူများက နွားစာကျက်ချထားခဲ့ရာမှ ဒေသခံတောင်သူများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ အကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် နှစ်ဘက်ပစ်ခတ်ခဲ့ရာ ရွာသားသုံးဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၆ ဦးဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင်ဒေသတွင် ယခုနှစ် မိုးရာသီကာလတွင် မိုးရွာသွန်းမှုအလွန်နည်းပါးခဲ့သည့်အတွက် လယ်ယာလုပ်ငန်းခွင်သုံးနွားများနှင့် သိုး၊ ဆိတ်များ၏ အစာများခက်ခဲလာခဲ့သည်။

ထို့ကြောင့် ဇူလိုင် ၂၃ ရက်နေ့က မိုးကြိုးပြင်ကျေးရွာရှိ ဒေသခံတောင်သူများက ဆချိန်က စာကျက်မြေအဖြစ်အသုံးပြုခဲ့သော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေအတွင်း၌ နွားများလွတ်ကျောင်းခွင့်ပေးရန် သက်ဆိုင်ရာသို့ တင်ပြတောင်ခံခဲ့သည်။

၎င်းတင်ပြတောင်းခံချက်အား သက်ဆိုင်ရာမှ ပြန်လည်အကြောင်းကြားချက်များ ယနေ့အထိ မရရှိသေးကြောင်း မိုးကြိုပြင်အလယ်ရွာနေ ဦးဝင်းကျော်မှ မဇ္ဈိမသို့ပြောပြသည်။

ထို့ကြောင့် ဒေသခံတောင်သူများသည် နွားစာပြသနာဖြေရှင်းဆောင်ရွက်နိုင်ရန် ယနေ့မွန်းလွဲပိုင်းအချိန်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေအား ကာရံထားသည့် ခြံစည်းရိုးပေါက်များမှတဆင့် နွား၊ ဆိတ်၊နှင့်သိုးများကို စီမံကိန်းနယ်မြေအတွင်းသို့ စာကျက်ချလွတ်ကျောင်းခဲ့ကြသည်။

“ ကျွန်တော်တို့က တိရစ္ဆာန်အစာခက်ခဲလွန်းလို့ တရားဝင်တင်ပြထားတယ်..။ ဒီနေ့အထိ အကြောင်းမပြန် ဘူး။ နွားစာတွေခက်ခဲလာတာကြောင့် ခြံစည်းရိုးပေါက်ကနေ နွားတွေကိုသွင်းပြီးလွတ်ကျောင်းတဲ့အခါ လုံခြုံရေးရဲတွေဘက်က နွားတွေကိုလောက်လေးခွနဲ့ပစ်တယ်..။ နွားတွေကို ပစ်တာကြောင့် ဒေသခံတောင် သူတွေနဲ့ လုံခြုံရေးရဲတွေအကြား စတင်ပြီး ပဋိပက္ခဖြစ်ပွားခဲ့ရတာပါ..” ဟု ဦးဝင်းကျော်မှ ဆက်လက်၍ ပြောပြသည်။

ထို့နောက် ဒေသခံတောင်သူများနှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအ ကြား နှစ်ဘက် အပြန်အလှန် လောက်လေးခွများနှင့် ပစ်ခတ်ခဲ့ရာ ကိုယ်ပိုင်အမှတ် ရဲ/ ၄၅၈၇ ဒုရဲမှူး သန့်ဇင် ဆို သည့် ရဲအရာရှိအပါအ၀င် ရဲတပ်ဖွဲ့ဝင်(၁၆)ဦးမှာ လောက်လေးခွမှန်ဒဏ်ရာများဖြင့် ယနေ့ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် ယာဉ်အမှတ် ၁ဂ/ ၂၆၅၉ ဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိလာခဲ့သည်။

“ ရွာသားတွေဘက်ကပစ်လိုက်တဲ့ လောက်လေးခွခဲတွေက ကာဒိုင်းအကြည်(ဖိုက်ဘာဒိုင်း)တွေကိုမှန်တယ် ..။ ခဲမှန်တဲ့ ဒိုင်းတွေက ပျက်စီးကုန်တယ်။အဲ့ဒါကြောင့် ခဲထိမှန်တဲ့ ဒဏ်ရာရတပ်ဖွဲ့ဝင်တွေများလာရတာပါ ..” ဟု မုံရွာပြည်သူ့ဆေးရုံကြီးတွင် ဆေးဝ်း ကုသရန်ရောက်ရှိလာသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ ပြောပြသည်။

ထိုသူက သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ခြင်းမရှိဟုပြောဆိုခဲ့သော်လည်း မိုးကြိုပြင်အလယ်ကျေးရွာနေ ဦးဝင်းကျော်ဆိုသူက “ သေနတ်နဲ့သုံးချက်ပစ်တယ်..။ ရွာသားဘက်က အခုလောလောဆယ်မှာတော့ ဒဏ်ရာရရှိတဲ့သူ သုံးဦးတွေ့ရတယ်..။ ကိုကျော်ဆွေ၊ ကိုဆန်းလင်းအောင် နဲ့ ကိုကျော်စိန် တို့ဖြစ်တယ်။ ဒဏ်ရာအားလုံးက မျက်နှာမှာဘဲဖြစ်တယ်..” ဟု ပြောပြခဲ့သည်။


ကိုတိုး ချင်းတွင်း

မှတ်ချက်များ