ဒတ်ခ်ျ မှုခင်း ဆေးအဖွဲ့ အလောင်းတွေ စစ်ဆေးခွင့်ရ
မလေးရှား လေယာဉ် MH17 ပေါ်မှာ လိုက်ပါသွားခဲ့သူ ခရီးသည်တွေရဲ့ အလောင်းတွေကို ယူကရိန်း နိုင်ငံ အရှေ့ပိုင်းက ဘူတာရုံတစ်ခုမှာ ဒတ်ခ်ျ မှုခင်းဆိုင်ရာ ဆေးသိပ္ပံ ပညာရှင်တွေက ကြည့်ရှု စစ်ဆေးခွင့် ရခဲ့ ပါတယ်။
ခရီးသည်တွေရဲ့ အလောင်းတွေကို တင်ဆောင်လာတဲ့ ရထားကို လေယာဉ် ပစ်ချခံရတဲ့ နေရာနဲ့ ၁၅ ကီလိုမီ တာ အကွာမှာ ရှိတဲ့ Torez မြို့မှာ OSCE ခေါ် ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က စောင့် ကြည့် လေ့လာသူတွေနဲ့ အတူ ဒတ်ခ်ျ မှုခင်း ဆေးသိပ္ပံ ပညာရှင်တွေက ကြည့်ရှု စစ်ဆေးခွင့် ရခဲ့တာ ဖြစ် ပါတယ်။
အဖွဲ့ခေါင်းဆောင် Peter Van Vliet ကတော့ ရထားပေါ်မှာ အလောင်းတွေကို ထိန်းသိမ်းထားပုံ ကောင်းမွန် ပါတယ်လို့ ပြောပါတယ်။
ဒီကနေ့ တနင်္လာနေ့ နှောင်းပိုင်းမှာ ရထားကို ထွက်ခွာခွင့် ပေးမယ်လို့ သိရကြောင်းလည်း ဆေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
အခုအချိန်အထိ ခရီးသည် ၂၇၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရပြီး ဖြစ်ပါတယ်။
ခရီးသည် ၂၉၈ ယောက် လိုက်ပါသွားတဲ့ မလေးရှား လေယာဉ် MH17 ဟာ ဇူလိုင် ၁၇ ရက်နေ့က ယူကရိန်း သူပုန်တွေရဲ့ နယ်မြေမှာ ဒုံးကျည် ထိမှန် ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။
BBC(မြန်မာပိုင်း)

မှတ်ချက်များ