ကျောက်ဆည်မြို့တွင် ကျင်းထုံခြင်ဆေးခွေရောင်းသည့် ဆိုင် ၁၁ ဆိုင်ကို အရေးယူ


ဓာတုဆေးဝါး လွန်ကဲစွာ အသုံးပြုထားသော ခြင်ဆေးများကြောင့် လူအများ ကျန်းမာရေး ထိခိုက်လျက် ရှိရာ မြန်မာနိုင်ငံအတွင်း မှတ်ပုံတင် ခွင့်ပြုထားခြင်းမရှိသော အဆိပ်ရှိပစ္စည်းများနှင့် ထုတ်လုပ်ထားသည့် ကျင်းထုံခြင်ဆေးခွေများကို ရောင်းချသည့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ဈေးဆိုင် ၁၁ ဆိုင်ကို ပိုးသတ်ဆေးဥပဒေဖြင့် အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်း များအရ သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ စည်ပင် သာယာရေး ဦးစီးဌာန တာဝန်ရှိသူများသည် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါကျောက် ဆည်မြို့ အေးမြကြည်လင် ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များသို့ ပိုးသတ်ဆေးဥပဒေအရ ညွှန်ကြားချက်နှင့် အညီ ဝင်ရောက်ရှာဖွေရာ တရားမဝင် တင်သွင်းလာသော ကျင်းထုံခြင်းဆေးခွေ ရောင်းချသည့် ဈေးဆိုင် ၁၁ ဆိုင်မှ တာဝန်ရှိသူများကို ကျောက်ဆည် မြို့မရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း အဆိုပါရုံးမှ ထပ်မံသိရှိရသည်။

“အဲဒီခြင်ဆေးခွေက ကျန်းမာရေးကို ထိခိုက်တယ်ဆိုတာ သိနေပေမယ့်လည်း ခြင်ပြေးတယ်လေ။ အခုနာမည်ကြီးတဲ့ ခြင်ဆေးခွေတွေက ဘာမှမကောင်းဘူး။ ခြင်မပြေးဘူး” ဟု ချမ်းအေးသာစံမြို့နယ် တွင် နေထိုင်သည့် အသက် ၃၀ ကျော် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသော ကျန်းမာရေးကို ထိခိုက်စေသည့် ကျင်းထုံခြင်ဆေးခွေများကို သုံးစွဲခြင်း မပြုကြရန်နှင့် ယင်းခြင်ဆေးခွေများကို တင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးမှုများကို တွေ့ရှိပါက ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး ပိုးသတ်ဆေးဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထား သည်။

ယင်းကျင်းထုံအမည်ဖြင့် မည်သည့်ခြင်ဆေးခွေကိုမျှ ပိုးသတ်ဆေး ဥပဒေနှင့်အညီ မှတ်ပုံတင်ထားခြင်း မရှိဘဲ ဈေးကွက်တွင် အများအပြားတွေ့ရှိခဲ့ပြီး ယင်းခြင်ဆေးခွေများကို စစ်ဆေးခဲ့ရာတွင် ကျင်းထုံတံ ဆိပ်ဖြင့် ခြင်ဆေးခွေပေါ်တွင် ဖော်ပြထားသော အမျိုးအစား ဓာတုပစ္စည်း၏ ပါဝင်မှုရာခိုင်နှုန်း ၀ ဒသမ ၀၈ ရာခိုင်နှုန်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသော အများဆုံးပါဝင်ရမည့် ပမာဏ ၀ ဒသမ ၄ ရာခိုင်နှုန်းထက် ပိုမိုပါဝင်နေသဖြင့် သုံးစွဲသူများ၏ ကျန်းမာရေးကို များစွာထိခိုက်စေနိုင်ကြောင်း အဆို ပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအဆိပ်ရှိ ဓာတုပစ္စည်းများ ပါဝင်သော ခြင်ဆေးခွေများ ရောင်းချခြင်းမပြုရန်အတွက် မြစ်သားမြို့နယ်ရှိ စတိုးဆိုင်၊ ကုန်စုံဆိုင် ၂၉ ဆိုင်တို့ကို ခြင်ဆေးခွေများ ရောင်းချခြင်းမပြုရန် လိုက်လံပ ညာပေး ဟောပြောခြင်းများကို ဇူလိုင်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice

မှတ်ချက်များ