ပျံသန်းနေစဉ် ရေယိုစိမ့်မှုကြောင့် Qantas ခရီးသည်တင်လေယာဉ် ပြန်လှည့် ဆင်းသက်ခဲ့ရ
ဩစတြေးလျပိုင် Qantas လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ပျံသန်းနေစဉ် ကိုယ်ထည်အတွင်း ပိုင်း ရေစိမ့်မှုများကြောင့် လော့စ်အန်ဂျလိစ်သို့ ပြန်လှည့် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။
A380 Superjumbo အမျိုးအစား လေယာဉ်သည် လော့စ်အန်ဂျလိစ်မှ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့သို့ ဦးတည် ပျံသန်းစဉ် ခရီးသည် အခန်းထဲ၌ ရေများ ယိုစိမ့်ခဲ့ခြင်းဟု ဇူလိုင် (၄)ရက်တွင် လေကြောင်းလိုင်းက အတည်ပြု ကြေညာခဲ့သည်။
ဇူလိုင်(၃)ရက်က QF94 ခရီးစဉ်အဖြစ် ပျံသန်းသော လေယာဉ်၏ ခရီးသည်ခန်း ဗဟိုလျှောက်လမ်းတွင် ရေ များ ပြည့်လျှံလာခဲ့ပြီး နှစ်ထပ်လေယာဉ်၏ လှေကားတစ်လျှောက်တွင် ရေများ အိုင်သွားခဲ့ကြောင်း ခရီးသည် တစ်ဦးက ပြောကြားခဲ့သည်။
“လေယာဉ်ဝန်ထမ်းတွေကတော့ ခရီးသည်တွေ အဆင်ပြေအောင် တတ်နိုင်သလောက် ကူညီပေးကြပါ တယ်။ ခရီးသည်တွေကို ရေမစိုတဲ့ နေရာတွေဘက် ရွှေ့ပေးတာမျိုးက အစပေါ့။ ပြီးတော့ ခြောက်ခြောက်သွေ့သွေ့ ဖြစ်နေနိုင်အောင်လို့ စောင်အသစ်တွေလည်း ထုတ်ပေးကြတယ်” ဟု လေယာဉ်ပေါ် လိုက်ပါခဲ့သူ တစ်ဦးက ဆိုသည်။
လေယာဉ်၏ အခြေအနေသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှု တစ်စုံတစ်ရာ မရှိသည့်နောက် လေယာဉ်မှူးက အရေးပေါ် ဆင်းသက်စရာ မလိုဟု ဆုံးဖြတ်ခဲ့ပြီး ခရီးသည်များ အဆင်ပြေစေရန်အတွက် လော့စ်အန်ဂျလိစ် သို့ ပြန်လည်ဦးလှည့်ခဲ့သည်ဟု Qantas က ကြေညာခဲ့သည်။
Qantasမှ ပြောရေးဆိုခွင့်ရ အမျိုးသမီးက “ဒီကိစ္စကို Airbus လေယာဉ်ကုမ္ပဏီဆီ အကြောင်းကြားထားပါ တယ်။ ဖြစ်ရပ်ရဲ့ အကြောင်းရင်းကို ပြန်စစ်ဆေးမှာပါ။ ခရီးသည်တွေကိုတော့ ဟိုတယ်တွေကို ခွဲပို့ပေးခဲ့ပြီး အင်ဂျင်နီယာတွေက အဲဒီပြဿနာကို တစ်ညလုံး ပြင်ဆင်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။ လေယာဉ် သည် လေဆိပ်မှ ပျံသန်းထွက်ခွာပြီး တစ်နာရီမျှ အကြာတွင် ရေယိုစိမ့်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
7 day

မှတ်ချက်များ