Viber မှ တစ်ဆင့် ချစ်ကြိုက်နေသည့် အမျိုးသမီးအား သတ်ပြီး လက်ဝတ်ရတနာများ ယူဆောင်ထွက်ပြေးနေသူကို ဘိုကလေးမြို့နယ်တွင် ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင်ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် Viberမှတစ်ဆင့်ချစ်ကြိုက်နေ သည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့် ရွှေထည်များယူဆောင်ထွက်ပြေးခဲ့သည့် အမှုမှ ကျူးလွန်သူအား ဇူလိုင် ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ဖမ်းဆီးရမိ ခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

မင်္ဂလာဒုံမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းမြင့်က “ပြစ်မှုကျူးလွန်တဲ့သူက ဇာနည်ဆို တဲ့သူ ဖြစ်ပါတယ်။ အောင် မိုးဇော်ဆို တဲ့သူကတော့ ပြစ်မှုကျူးလွန် ရာမှာ အသုံးပြုတဲ့ ဖုန်းအမည်ပေါက်ပိုင်ရှင်ဖြစ်နေတော့ သူက ငါဒီလိုပြဿနာတက်ပြီ။ မင်းပါလိုက်ခဲ့မှ ရမယ်ဆိုပြီး အတူတူထွက်ပြေးသွားကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “သူတို့ပုန်းနေတဲ့နေရာက ရဲတွေအလှမ်းဝေးတဲ့နေ ရာ ဖြစ်တယ်။ သူတို့ဆီကနေ သက်သေခံပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အခုလက်ရှိ မင်္ဂလာဒုံရဲစခန်း မှာပဲ ချုပ်ထားပါတယ်” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၃ နာရီ ခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ် ဈေးရပ်ကွက် မင်္ဂလာဒုံဥယျာဉ်ပန်းခြံအ တွင်းရှိ ဝါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးလူသေလောင်း တစ်လောင်း တွေ့ရှိခဲ့သည်။

သေဆုံးသူမှာ ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

သက်ဆိုင်ရာကစုံစမ်းရာ သေဆုံးသူမှာ မင်္ဂလာဒုံမြို့နယ်ကနေ ရန်ကုန်မြို့ထဲ ဈေးကြီးများမှ အဝတ်အထည် များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂)နှစ် ဖြစ်ကြောင်းနှင့် ဇွန် ၉ ရက် နံနက်ပိုင်းတွင်လည်း အဝတ်ဝယ်မည်ဆိုကာ နေအိမ်မှ ထွက်သွားခြင်းဖြစ်ပြီး အသတ်ခံရသည့်အမျိုး သမီးနှင့် ပြစ်မှုကျူးလွန်သူ ဇာနည်ဆိုသူတို့ မှာ Viber တွင် တွေ့ဆုံချစ်ကြိုက်ခဲ့ခြင်းဖြစ်ပြီး အသတ်ခံရကာ ပစ္စည်းများ လုယက်ခံခဲ့ ရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

အဆိုပါအမှုကို မင်္ဂလာဒုံမြို့မရဲစခန်းက (ပ)၂၅၈/ ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Eleven Media Group

မှတ်ချက်များ